Friday, December 20, 2013

လန-၃၉မရှိဘဲ စီမံကိန်းဆောင်ရွက်နေသည့် ကုမ္ပဏီများကို အရေးယူမှုအားနည်းနေသေး

ဝေမာသိမ့်

ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းလယ်ယာများတွင် လယ်ယာမြေ အခြားနည်းဖြင့် အသုံးပြုခွင့် (လန- ၃၉) ခွင့်ပြုချက်မရရှိသေးဘဲ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများကို အရေးယူဆောင် ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်၊ လယ်ယာစုံစမ်းရေးကော်မရှင်က တိုင်းအစိုးရသို့ တိုက်တွန်းထား သော်လည်း ယနေ့အချိန်အထိ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ကော်မရှင်က မေးခွန်းထုတ်လိုက်သည်။

ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် သန်လျင်မြို့နယ်အတွင်းရှိ မြေဧကပေါင်းများစွာတွင်၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပါ လန ၃၉ ခွင့်ပြုချက်မရရှိသေးဘဲ ကုမ္ပဏီများမှ အ ဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လမ်းများ ဖောက်လုပ်ခြင်း၊ စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက် ခြင်းများ ပြုလုပ်နေသည့်အပေါ် တိုင်းဒေသကြီးအစိုးရသို့ လယ်ယာမြေစုံစမ်းရေးကော်မရှင်က လယ်ယာ မြေဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက် အရေးယူဆောင်ရွက်ပေးရန် တင်ပြထားသော်လည်း ဖြေရှင်း ဆောင်ရွက်ခြင်း မရှိသည့်အတွက် ကုမ္ပဏီများက ဥပဒေအထက်တွင် ရှိနေပြီလားဟု မေးခွန်းထုတ်ရ မည်ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

ရန်ကုန်တိုင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေ စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့(၁)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက “လန-၃၉ မကျဘဲ သိမ်းထားတဲ့ မြေတွေကို လုပ်ငန်းဆောင်ရွက်နေတာ အများကြီးပဲ။ ဒါတွေက လယ်ယာမြေအဖြစ်ပဲ ရှိနေသေးတဲ့အတွက် လယ်စိုက်တာကလွဲပြီး အခြားဘာမှလုပ်လို့ မရသေးဘူး။ ပြည်ထောင်စုလွှတ်တော်မှာလည်း တင်ပြထားတယ်။ တိုင်းအစိုးရကိုလည်း တင်ထားတယ်။ တိုင်းဒေသ ကြီး အစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အပြင် ကုမ္ပဏီတွေက ဆက်ဆောက်နေတဲ့အတွက် ဒီကုမ္ပဏီတွေက ဥပဒေအထက်မှာရှိနေလားလို့ မေးစရာဖြစ်နေတယ်”ဟု ပြောသည်။

ကော်မရှင်၏ လေ့လာတွေ့ရှိချက်များအရ လန-၃၉ မကျသေးဘဲ စီမံကိန်းဆောင်ရွက်နေမှုများတွင် ရွှေ ပြည်သာမြို့နယ်မှ ဧကတစ်သောင်းကျော်ဝန်းကျင်၊ လှိုင်သာယာမြို့နယ်မှ ဧက ၃၀၀ ၀န်းကျင်နှင့် သန် လျင်မြို့နယ်မှ ဧက ၂၀၀ ကျော်ရှိကြောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

မန္တလေးတိုင်းတွင်လည်း သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများပေါ်တွင် လန-၃၉ ခွင့်ပြုချက်မရရှိဘဲ ကုမ္ပဏီများမှ ဆီးဂိမ်းအကြောင်းပြကာ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းများ ရှိနေသည့်အတွက် ကုမ္ပဏီများအနေဖြင့် ဥပဒေအထက်တွင် ရှိနေသည်မှာ ထင်ရှားနေကြောင်း၊ မန္တလေးတိုင်း လယ်ယာ မြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက မဇ္ဈိမကို ပြောသည်။

“လန-၃၉မကျသေးဘဲ ဆီဆိုင်တွေ၊ ပန့်ဆိုင်တွေ ဖွင့်နေတာကို လွှတ်တော်မှာ သက်ဆိုင်ရာဝန်ကြီးက ဥ ပဒေနဲ့မညီဘူးလို့ ဖြေသွားတယ်။ ဒါပေမဲ့ ဆီးဂိမ်းအကြောင်းပြပြီး နေပြည်တော်အမြန်လမ်းတစ်လျှောက် မှာ၊ မြားပစ်ကွင်းကျင်းပတဲ့ နယ်မြေ၊ လှေပြိုင်ပွဲကျင်းပတဲ့ နေရာတွေမှာ သိမ်းထားတဲ့မြေတွေပေါ်မှာ ကု- မ္ပဏီတွေက သူတို့အကျိုးစီးပွားအတွက် ဆီဆိုင်တွေ ဖွင့်ထားတယ်။ ဒါကို အားကစားဝန်ကြီးဌာနက အ စိုးရတင်ပြပြီး အစိုးရက ခွင့်ပြုတယ်လို့ ဆိုတယ်။ လယ်ယာမြေဥပဒေနဲ့ မညီညွှတ်ဘူး။ လယ်ယာမြေဥပ ဒေကလည်း လယ်ယာမြေကို အခြားမြေအဖြစ် သုံးခွင့် မပြုထားဘူး။ ဥပဒေနဲ့မညီတာကို ကုမ္ပဏီတွေက ဆောင်ရွက်နေတယ်ဆိုတော့ ဥပဒေအထက်မှာ ကုမ္ပဏီတွေရှိတယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး” ဟု ၎င်းက ပြောဆိုသည်။

သမ္မတအမိန့်ဖြင့် သြဂုတ်လအတွင်း ဖွဲ့စည်းထားသည့် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက စုံ စမ်းရေးကော်မရှင်မှ သုံးသပ်ချက် တင်ပြခဲ့သည့် အပိုင်း(၃)ပိုင်းလုံးမှ နစ်နာခဲ့သည့် အမှုတွဲ (၇၄၅)ခုမှ အမှုငါးမှု မြေဧက ၁၉၇၃ ဒသမ ၀၃ ကို သြဂုတ်လ(၂၀)ရက်မှ စက်တင်ဘာ၂၅ ရက်အထိ ရှင်းလင်းပေး ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၃၀ရက်က သ၀ဏ်လွှာ ပေးပို့သည်။

No comments: