Friday, December 13, 2013

ပေါင်းတည်ထောင်ရှိ အချုပ်သားသုံးဦး အစာငတ်ခံ ဆန္ဒပြမည်

ရေခဲ(ပြည်)

ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ-၁၈)၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ(ပုဒ်မ-၆) တို့ဖြင့် တရားစွဲ ဆိုခံထားရ၍ ပေါင်းတည်ထောင်တွင်းမှ အမှုရင်ဆိုင်နေရသူ သုံးဦးသည် ဒီဇင်ဘာ ၁၇ ရက်မှ စတင်ကာ အစာငတ်ခံဆန္ဒဖော်ထုတ်သွားမည်ဟု ၎င်းတို့၏အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးရဲလင်း နိုင်က မဇိ္ဈမကို ပြောသည်။

အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ(ပုဒ်မ-၆)ဖြင့် တရားစွဲဆိုခံထားရသူများမှာ မိတ္ထီလာ ပြည်သူ့အ ကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးနှင့် ၀ိမုတ်္တိ လူမှုကူညီရေးအဖွဲ့မှ ဒေါ်မိမိခိုင်တို့ ဖြစ်သည်။ အခြား သူတစ်ဦးမှာ နတ်တလင်း ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုသန့်ဇင်ထက်ဖြစ်ပြီး ၎င်းသည် ခွင့်ပြုချက် မယူဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ-၁၈)ဖြင့်လည်း အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

“မြို့နယ်က စွဲချက်တင်သင့်ကြောင်း ချပေးတဲ့အမိန့်ကို တိုင်းတရားရုံးမှာ ပြင်ဆင်ချက်ထားတယ်။ အမိန့် ချမပေးခဲ့ဘူး။ အချိန်ဆွဲထားတယ်။ ဒီလိုမျိုးအချိန်အကြာကြီးဆွဲထားတာ တမင်ညှဉ်းဆဲရာကျတဲ့အတွက် အချုပ်ထဲမှာ သုံးယောက်လုံး အစာငတ်ခံ ဆန္ဒပြမယ် ပြောသွားတယ်”ဟု ဦးရဲလင်းနိုင်က ပြောသည်။ ယင်းသို့ ဆောင်ရွက်သွားမည်ကို ဒီဇင်ဘာ ၁၀ ရက် ရုံးချိန်းတွင် တရားရင်ဆိုင်နေရသူများက ပြောခဲ့ခြင်း ဖြစ်သည်။

မြို့နယ်တရားရုံး၏ စွဲချက်တင်မှုကို တိုင်းတရားရုံးသို့ ပြင်ဆင်ချက် လျှောက်ထားသည်မှာ နှစ်လကျော် ကြာမြင့်နေပြီး ယနေ့အထိ တိုင်းတရားရုံးမှ အမိန့်တစ်စုံတစ်ရာချမှတ်ပေးခြင်း မရှိခဲ့ဟု ဦးရဲလင်းနိုင်က အသိပေးသည်။ အဆိုပါ အမှုကိစ္စများကို ခရိုင်တရားရုံးသို့လည်း ပြင်ဆင်ချက် လျှောက်ထားခဲ့ဖူးပြီး ပလပ်ခံခဲ့ရခြင်းဖြစ်သည်။

“လျှောက်လွှဲချက်တွေပြီးရင် အမြန်ဆုံး အမိန့်ချရမယ်လို့ ဥပဒေမှာ ညွှန်းဆိုထားတယ်။ ဒါပေမဲ့ လောလောဆယ် လျှောက်လွှဲချက်ကြားနာပြီး တစ်လနီးပါး ကြာသွားပြီ။ အမိန့်မချသေးဘူး”ဟု ၎င်းက ဆို သည်။

၎င်းတို့သုံးဦးသည် ပဲခူးတိုင်းနတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူခံထားရသည့် လယ်ယာမြေ ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့သည့် တောင်သူများကို အားပေးကူညီမှုဖြင့် ဇွန် ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

No comments: