Monday, December 23, 2013

အာဆီယံထိပ်သီးညီလာခံတက်မည့် နိုင်ငံ့ခေါင်းဆောင်များအတွက် BMW ၉၅ စီး ကူညီမည်

ထင်လင်းအောင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သော ၂၀၁၄ အာဆီယံ ထိပ်သီးညီလာခံသို့ တက် ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ၀န်ကြီးများ အသုံးပြုရန် Prestige Automoblies ကုမ္ပဏီက BMW ကား ၉၅ စီး ပံ့ပိုးသွားမည်ဟု ကုမ္ပဏီ ပြောခွင့်ရ ဒေါ်စန်းစန်းမြင့်က ပြောသည်။

“ကား ၉၅ စီးစလုံးကို ကူညီပေးထားမှာပါ ဒါကလည်း သွားလာရေး ပို့ဆောင်မှုအတွက် ကူညီတာပဲဖြစ်ပါတယ်။ လှူဒါန်းတာမျိုးမဟုတ်ပါဘူး”ဟု ပြောသည်။

Prestige Automoblies ကုမ္ပဏီ၏ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်တွင်လည်း ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြကို ကိုးကား၍ “ကျွန်တော်တို့နိုင်ငံရဲ့ Summit အခမ်းအနားမှာ နိုင်ငံ့ဂုဏ်ကို မြှင့်တက်စေဖို့ ပါဝင်ပံ့ပိုးတာဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

ယင်းသို့ ကူညီရာတွင် BMW ကားစီးရီးများအနက် BMW 7 Series,BMW 5 Series, Executive Sedan နှင့် Premium BMW X5 Sports Activity Vehicle များဖြင့် ကူညီမည်ဖြစ်ပြီး ASEAN Summit အပါအ၀င်၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတော်အဆင့် ညီလာခံများတွင်လည်း သုံးနှစ်ဆက်တိုက် ကူညီမှု များ ပြုလုပ်သွားမည်ဟု BMW Group Asia ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Neil Fiorentinos က ပြော သည်။

“BMW ကားတွေအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ASEAN Summit အခမ်းအနားတွေမှာ သုံးနှစ်ဆက်တိုက် ကူညီခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်” ဟု ပြောသည်။

၂၀၁၄ အာဆီယံ ထိပ်သီးညီလာခံကို မြန်မာနိုင်ငံ၌ မေလနှင့် နိုဝင်ဘာလများတွင် နှစ်ကြိမ်ကျင်းပမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ သွားရမည် ဖြစ်သည်။

No comments: