သီဟကိုကို
Coca Cola က မြန်မာနိုင်ငံသို့ ၀င်ရောက်ပြီး ခြောက်လအတွင်း မြန်မာနိုင်ငံသားများကို တိုက်ရိုက် အလုပ်အကိုင်ပေါင်း ၁၂,၀၀၀ ၀န်းကျင်ခန့် ထားပြီးဖြစ်ကြောင်း ကုမ္ပဏီ၏ မြန်မာပြည် မန်နေဂျင်း ဒါရိုက်တာ Mr. Rehan Khan က ပြောကြားလိုက်သည်။
ယင်းနှင့်စပ်လျဉ်းကာ ဒီဇင်ဘာ ၁၂ ရက်တွင် ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့တင်ပြရသည့် Coca Cola ၏ တာဝန်သိရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ သတင်း စာရှင်းပွဲတွင် ယင်းကပြောကြားခဲ့ခြင်းဖြစ်သည်။
Coca Cola စက်ရုံတွေရှိတဲ့နိုင်ငံတိုင်းမှာ တိုက်ရိုက်အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ အပြင် အခြားလုပ်ငန်းတွေနဲ့ပါဆက်စပ်ပြီး အလုပ်အကိုင်တွေရရှိပါတယ်။ ဆက်စပ်လုပ်ငန်းတွေ အတွက်တော့ အလုပ်အကိုင် ဘယ်လောက်ထပ်ပေးနိုင်မလဲဆိုတာက နောက်နှစ်ထဲမှာMarket Research တွေ လုပ်ပြီးမှပဲ သိရမှာပါ” ဟု Mr. Rehan Khan က ပြောသည်။
မှော်ဘီနှင့် လှိုင်သာယာမြို့နယ်တို့ရှိ စက်ရုံနှစ်ရုံတွင် တိုက်ရိုက်အလုပ်အကိုင် ၁၂,၀၀၀ ခန့်ထားဆောင် ရွက်ပြီးဖြစ်ကာ နောက်ပိုင်းတွင် Coca Cola ၏လုပ်ငန်းအမျိုးအစား ခုနစ်မျိုးခန့်နှင့် ဆက်စပ်လျက်ရှိ သည့် အလုပ်အကိုင် ၁၀,၀၀၀ ခန့်အား ထပ်မံပေးနိုင်မည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြား သည်။
ကမ္ဘာ့အကြီးဆုံး အချိုရည်ကုမ္ပဏီဖြစ်သည့် Coca Cola သည် မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၆၀ အကြာတွင် တစ်ကျော့ပြန်အဖြစ် ယခု ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဝင်ရောက်လာခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန်လတွင် လုပ်ငန်းစတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းအခြေစိုက် ပင်းယအချိုရည်ကုမ္ပဏီနှင့် ဖက် စပ်လုပ်ကိုင်ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်သည်မှ ငါးနှစ်အတွင်း ကန်ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု တရားဝင် ထုတ်ပြန်ကြေညာထားသည်။
Coca Cola အနေဖြင့် ယင်းဝန်ထမ်းများ၏ အခြေခံလစာအား ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း မြန်မာနိုင်ငံရှိ အခြားသော စက်ရုံလုပ်သားများ၏ အခြေခံလစာနှုန်းထားများထက် မြင့်မားသည်ဟု မြန် မာနိုင်ငံ၏ ဌာနေကိုယ်စားလှယ်Ms. Karen Thompson အတည်ပြုပြောကြားထားသည်။
No comments:
Post a Comment