Wednesday, March 19, 2014

တိုင်းရင်းသားပဋိပက္ခ ဖြေရှင်းရန်မလွယ်နိုင်ဟု ဘာတေးလင့်တနာ ပြော

စုမြတ်ဝေ

မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးစုများအကြား ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းရန် စံအနေဖြင့်ရှိရ မည့် အဖြေတစ်ခု လိုအပ်နေသော်လည်း မလွယ်ကူနိုင်ဟု မြန်မာနိုင်ငံအကြောင်း သတင်းဆောင်းပါးများ ရာချီ သုံးသပ်ရေးသားခဲ့သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလင့်တနာက ထောက်ပြပြောဆိုလိုက်သည်။

မတ်လ ၁၇ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း အစီ အစဉ်ဖြင့် ပြုလုပ်သော ဘာတေးလင့်တနာ၏ “ငြိမ်းချမ်းရေးဖြစ်စဉ် အခြေခံဥပဒေပြောင်းလဲရေးနှင့် တိုင်း ရင်းသားတို့၏အခန်းကဏ္ဍ” ဟောပြောပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုတွေကြားမှာရှိနေတဲ့ပဋိပက္ခကို ဖြေရှင်းချင်တယ်ဆိုရင် အင်မတန် ကို စံအနေနဲ့ရှိမယ့် အဖြေတစ်ခု လိုအပ်ပါတယ်။ ဒါကလဲ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်း သားလူမျိုးစု တော်တော်များများဟာ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ပြောနေတဲ့ အိုင်ဒီယာဟာ အနည်းငယ် လျော့လျော့ရဲရဲဖြစ်တဲ့ အနေအထားမျိုးဖြစ်နေပါတယ်”ဟု ပြောသည်။

တိုင်းရင်းသားများအနေဖြင့် ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုးကို လိုချင်သည်ဆိုသော တိကျသည့် အနေအထားမျိုး သိပ်မတွေ့ရှိရဟု ၎င်းက ဝေဖန်ပြောဆိုသည်။

မြန်မာပြည်မှာဆိုလျှင် တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် ဖြေရှင်းရမည့် ပြဿနာများလည်း အလွှာပေါင်းများစွာတွင် ရှိနေသည်ကို တွေ့ ရသည်ဟု ဆိုသည်။

ဖြစ်နေသောပြဿနာများကို ဖြေရှင်းရန်ဆိုလျှင် မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်သင့်သည်ဆိုသည့် အနေ အထားနှင့်သာ ဆိုင်သည်ဟု ဘာတေးက ပြောသည်။

“ဘယ်လိုနိုင်ငံမျိုးဖြစ်သင့်တယ်ဆိုတဲ့ကိစ္စမှာ အခြေခံတာမျိုးရှိရပါမယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကလည်း လုပ်နေတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးနေတာ အကြိမ်ကြိမ်ပါ ပဲ။ အဖြေရှာနိုင်တဲ့အနေအထား မရောက်ခဲ့ပါဘူး။ ဒီနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သင့်တာလား တစ်ပြည်ထောင်စနစ်မျိုး ဖြစ်သင့်တာလားဆိုတဲ့ မေးခွန်းကိုပဲ ပြန်သွားရမှာဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်မှ ပြောဆိုနေသော ဖက်ဒရယ်တပ်မတော်ဆိုသည့် အယူအဆမှာလည်း လက်တွေ့မဆန် သော အယူအဆဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

“အပေါ်ကနေချပေးတဲ့အမိန့်နဲ့ပဲ သွားတာတွေ့ရပါတယ်။ ပြောမယ်ဆိုရင် ပြည်ထောင်စုတပ်မတော်မှာ ဘယ်လိုများရှိနိုင်မလဲပေါ့။ သီးခြား ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရတဲ့ အခြေအနေမျိုးတွေတော့ မရှိပါဘူး။ နောက် တစ်ခုကတော့ တိုင်းရင်းသားတွေဘက်က မျှော်လင့်နေတဲ့ ပြည်ထောင်စုတပ်မတော်ဆိုတဲ့ အယူအဆ က လက်တွေ့မဆန်ပါဘူး”ဟု ဘာတေးလင့်တနာက ပြောသည်။

အစိုးရဘက်မှ ယခုလုပ်ဆောင်နေသော အနေအထားမျိုးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တချို့ကို နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့ (BGF)များ လုပ်စေသည်မှာလည်း အမှန်တကယ်လက်တွေ့မဆန် ဟု ၎င်းက ထောက်ပြသည်။

“ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ရဲ့နယ်မြေမှာနေပြီးတော့ နယ်စပ်ကို ကာကွယ်စောင့်ရှောက်နေပေမယ့် သူတို့သည် ဗဟိုကလာတဲ့အမိန့်အောက်မှာပဲ နာခံရတာ ဖြစ်ပါတယ်။ အဖြေက ရှိတယ်လို့တော့ မပြောချင်ပါဘူး။ တကယ်တမ်းတော့ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှု အောက်မှာရှိတဲ့ စစ်တပ်အနေနဲ့ နယ်စပ်ကာကွယ်ရေးတပ်အနေနဲ့ထားတာ အဖြေမဟုတ်ပါဘူး”ဟု ၎င်း က ပြောသည်။

ထိုသို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဆိုင်ရာပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော ရဲတပ်ဖွဲ့လိုမျိုး အဖွဲ့အစည်းထဲမှာ ပေါင်းစည်းပေးနိုင်မည်ဆိုလျှင် အနည်းငယ် ပိုအဆင်ပြေနိုင် သည့် အနေအထားမျိုး ဖြစ်နိုင်မည်ဟု ၎င်းက အကြံပြုပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ပြည်ထောင်စု တပ်မတော်နှင့် ပတ်သက်၍ တိုင်းရင်းသားများ တောင်းဆိုနေမှုများအပေါ် မှတ်ချက်ပြု ထားရာတွင် တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်တပ်မတော် အား မည်သို့မည်ပုံဖွဲ့ရမည်ကို ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ ပြည်ထောင်စုစစ်စစ်နှင့် ကိုက်ညီသည့် တပ် မတော်တစ်ခု လိုချင်သည်ကို ပြောဆိုနေကြခြင်းသာဖြစ်သည်ဟု ၂၀၁၃ နိုဝင်ဘာလအတွင်းက ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် တွေ့ ဆုံအပြီးတွင် ပြောဆိုဖူးသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်တော့ ပြည်ထောင်စုတပ်မတော်အရေးကို နိုင်ငံရေးဆွေးနွေးပွဲ များတွင် ဆွေးနွေးရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် အာမခံချက် ပါရှိမှသာ စာချုပ်ကို လက်မှတ်ရေးထိုးသွားရန် ဆောင်ရွက်နေသည်ဟု ဇန်န၀ါရီလက ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာစခန်းတွင် ပြုလုပ်သော ဒုတိယအကြိမ် တိုင်းရင်းသား လက် နက်ကိုင်များညီလာခံတွင် ပြောဆိုထားသည်။

No comments: