Sunday, March 16, 2014

စည်ပင်ပိုင်မြေဆိုကာ တရားစွဲခြင်း ရွှေသန်လျင်အဖွဲ့ ကန့်ကွက်မည်

နန်းမြင့်

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ ဓမ္မရတနာလမ်းရှိ ရွှေသန်လျင် အခမဲ့ဆေးခန်းကို စည်ပင်ပိုင် မြေဟုဆိုကာ တရားစွဲခြင်းကို ကန့်ကွက်ပွဲပြုလုပ်မည်ဟု ရွှေသန်လျင် ပရဟိတ လူငယ်နာရေးကူညီမှု အသင်းမှ ဥက္ကဋ္ဌဦးအောင်နိုင်ဝင်းက မတ်လ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ရွှေသန်လျင် အခမဲ့ဆေးခန်းသည် စည်ပင်မြေပေါ်တွင် ဆောက်လုပ်ထားသည့်အတွက် မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးက နှစ်ကြိမ်တိုင် တရားစွဲထားသဖြင့် လက်မှတ်စုဆောင်းပြီး ကန့်ကွက်ပွဲ ပြုလုပ် ရန် စီစဉ်နေကြခြင်းဖြစ်သည်။

“မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးဆီသွားပြီး ယာယီမြေနေရာပေးဖို့ အကူအညီသွားတောင်းပါတယ်။ သူက လက်မခံဘူး။ ဆေးခန်းကို အလှူရှင်ရှိတဲ့အချိန်လေးမှာ ဆောက်ရတာဖြစ်တဲ့အတွက် အဲဒီနေရာမှာ ဆောက်လိုက်ပါတယ်။ သူက တရားစွဲတယ်”ဟု ဥက္ကဋ္ဌဦးအောင်နိုင်ဝင်းက ဆိုသည်။

“ကျွန်တော်တို့လို့ပဲ အဆောက်အအုံတွေရှိတယ်။ အဲဒါတွေကို တရားမစွဲဘူး”ဟုလည်း ဦးအောင်နိုင်ဝင်း က ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော် အများကြီးရှိသည်ဟုဆိုကာ ရွှေသန်လျင် အခမဲ့ဆေးခန်းကို စည်ပင်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသဖြင့် ပုဒ်မ ၆၈၊ ပုဒ်မ ၆၉ ဖြင့် တရားစွဲထားသည်ဟု ဆိုသည်။

ရွှေသန်လျင် အခမဲ့ဆေးခန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီက စတင်တည်ဆောက်ခဲ့ပြီး ယခုချိန်ထိ အခမဲ့ ဆေးခန်းဖွင့်လှစ်ခဲ့သည်မှာ သုံးလခန့်ရှိပြီဖြစ်သည်။ နာရေးကူညီမှုလုပ်ငန်းကို ၂၄ နာရီဆောင်ရွက်ပေး ခြင်း၊ အရေးပေါ်လူနာတင်ယာဉ်ဖြင့်လည်း ဆေးရုံများသို့ အခမဲ့ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေး လျက်ရှိသည်။

No comments: