Tuesday, March 18, 2014

မေမြတ်နိုးနှင့် ဂျူးစံသာ ဧပြီလတွင် ဖိလစ်ပိုင်မှာ သင်တန်း သွားတက်မည်

ပန်းမြတ်ဇော်

Miss Asia Pacific 2014 ပြိုင်ပွဲဝင်ပြိုင်မည့် မေမြတ်နိုး နှင့် Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ဂျူးစံသာတို့ ဧပြီလတွင် Miss ပြိုင်ပွဲ နဲ့ ပတ်သက်သည့် သင်တန်း တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်မည်ဖြစ်သည်။

Miss Globe Myanmar Organizationမှ ဒရိုက်တာ မလှနုထွန်း က " အဓိက ဖိလစ်ပိုင်ကို လွှတ်ရတာ က ဖိလစ်ပိုင် က Miss တွေ အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံလဲ ဖြစ်တယ် ။ Missosology က ဆရာ တွေနဲ့လည်း အရမ်းခင်နေတော့ အမတို့ Miss Globe Myanmar 2014 ပြိုင်ပွဲကို သူတို့က လာရောက် ကူညီပေးတုန်းကတည်းက သူတို့က လေ့ကျင့်သင်ကြားမှုပိုင်းကိုမေတ္တာနဲ့ ကူညီမယ်လို့ ပြောထားတာ ရှိတော့ လွှတ်ပေးဖြစ်တာပါ" ဟု ပြောသည်။

မေမြတ်နိုး နှင့် ဂျူးစံသာတို့သည် ဖိလစ်ပိုင်နိုင်ငံရှိ Missosology Organizationတွင် တက်ရောက်မည်ဖြစ်ပြီး Missosology Organizationက ဆရာတွေကပဲ သင်ကြားပေးမည်ဟု သိရသည်။ Missosology Organizationက Co-Ower Pawee Ventura ၊'Macoy' Manlapaz တို့က မြန်မာနိုင်ငံတွင် မတ်လ ၄ရက်က ကျင်းပသည့် Miss Globe Myanmar 2014 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် မိန်းကလေးများကို သင်ကြားမှုများ ပြုလုပ်ပးခဲ့ဖူးသည်။

မေမြတ်နိုး နဲ့ ဂျူးစံသာတို့ လာမည့် ဧပြီလ၌ ဖိလစ်ပိုင် နိုင်ငံတွင် တစ်ပတ် ကြာသွားရောက် သင်ကြားမည်ဖြစ်ပြီး ပြည်ပက Miss ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် Miss တစ်ယောက်၏ လိုအပ်သော အချက်အလကများကို အဓိက သင်ကြားပေးမည်ဖြစ်သည်။

ဂျူးစံသာ က " ဒီလို သွားရောက်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ Missosologyက ဆရာတွေက သင်ကြားပေးမှာ ဆိုတော့ သူတို့ သင်သမျှ ပညာအကုန်လုံးကို သေချာ လေ့လာခဲ့မှာပါ။ အကျိုးရှိတဲ့ သင်ကြားမှုတစ်ခုပါပဲ။ အခု လက်ရှိကတော့ Talent ပိုင်း Body ပိုင်းအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်" လို့ ပြောပြသည် ။

Miss Asia Pacific World 2014 ပြိုင်ပွဲက မေလ ၁၉ ရက်နေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့တွင် ကျင်းပမည်ဖြစ်ပြီး မေမြတ်နိုးကမြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့်ပွဲ ဖြစ်သည်။ Miss Globe International 2014 ပြိုင်ပွဲကို မေလ ၁၅ ရက် တူရကီ နိုင်ငံတွင်ကျင်းပမည်ဖြစ်ပြီး ဂျူးစံသာက မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments: