Sunday, March 16, 2014

ယာဉ်မောင်းလိုင်စင် ကိုယ်စားလှယ်လုပ်ခြင်း လျော့စေဖို့ ပိုင်ရှင်ဦးစားပေးစနစ် ကျင့်သုံး

ဖြိုး

ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ပိုင်ရှင်ကိုယ်တိုင် ဆောင်ရွက်စေလိုပြီး ကိုယ်စားလှယ်ပြုလုပ်သူများ လျော့နည်းလာစေရန် ပိုင်ရှင်ဦးစားပေးစနစ်ကို ယနေ့မှစ၍ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက မဇ်္ဈိမကို ပြောသည်။

“ပိုင်ရှင်တွေကိုယ်တိုင် လုပ်စေချင်တဲ့အတွက် ပိုင်ရှင်ဦးစားပေးစနစ်ကို ကောင်တာနဲ့ သေချာ ထင်သာ မြင်သာရှိအောင် ဒီနေ့ကစ လုပ်ပေးနေပါပြီ။ ပိုင်ရှင်ကိုယ်တိုင် လာဆောင်ရွက်တာကို မသိတာ၊ အဆင် မပြေတာရှိရင် မေးမြန်းစုံစမ်းလို့ရအောင်လည်း ပြည်သူ့ဆက်ဆံရေးဌာနစိတ်တွေ ဖွင့်ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ယခင်က ပိုင်ရှင်ဦးစားပေး၊ ကိုယ်စားလှယ်ဦးစားပေး စနစ်နှစ်ခုခွဲထားသော်လည်း ယခုအခါ ပိုင်ရှင်ကိုယ် တိုင် လာရောက်ဆောင်ရွက်သူများအတွက် ကောင်တာတစ်ခုအဖြစ် သီးသန့်ဖွင့်လှစ်ပေးထားလျက် ရှိ သည်။

“ပြည်သူ့ဆက်ဆံရေးဌာနစိတ်တွေကို မေးမြန်းလို့ အဆင်မပြေတာ၊ မကျေလည်တာရှိရင်လည်း သက် ဆိုင်ရာ ခရိုင်၊ တိုင်း အရာရှိတွေဆီကို ဆက်သွယ် တိုင်ကြားလို့ရပါတယ်”ဟု ဦးသိန်းဦးက ဆိုသည်။

ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများအတွက် ဆောင်ရွက်ရမည့်အချက်အလက်များ၊ စာရွက်စာတမ်းများကို ကညနရုံးဝင်းအတွင်း အသိပေးကြော်ငြာဆိုင်းဘုတ်ကြီးများ ကပ်ထားပြီး ၎င်းအချက်အလက်များ အပြင် အခြားသိလိုသည်များကို မေးမြန်းနိုင်ရန် ရုံးဝင်းအတွင်း၌ပင် ပြည်သူ့ဆက်ဆံရေးဌာနစိတ်နှစ်ခုကို ၂၀၁၃ ခုနှစ် ဧပြီလမှ စတင် ဖွင့်လှစ်ခဲ့သည်။

ပိုင်ရှင်များ ကိုယ်တိုင်လာရောက် ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားတော့ဘဲ ကိုယ်စားလှယ်ဆောင်ရွက်သူများလည်း တဖြည်းဖြည်းလျော့သွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

“အချိန်ကုန်မခံချင်တာရယ်၊ ဘယ်ဌာနသွားပြီး ဘယ်လိုလုပ်ရမလဲမသိတော့ စာရွက်စာတမ်းပေးပြီးပွဲစားကို လုပ်ခိုင်းလိုက်တော့တာပဲ။ ယာဉ်မောင်းလိုင်စင်ဌာနတင်မဟုတ်ဘဲ ဌာနအားလုံးကို ပိုင်ရှင်ဦးစားပေး အနေနဲ့ စီစဉ်ပေးမယ်ဆိုရင်တော့ ပိုင်ရှင်တွေကိုယ်တိုင် လာဆောင်ရွက်ကြမှာပါ”ဟု မန္တလေးမြို့ခံ ကျောင်းဆရာတစ်ဦးက ပြောသည်။

မတ်လ ၁၃ ရက် နံနက်ပိုင်း ရုံးချိန်အတွင်း ပိုင်ရှင်ဦးစားပေးကောင်တာမှ ယာဉ်မောင်းလိုင်စင် (နှစ်လဲ သက်တမ်းတိုး) ၃၀ ကျော် ထုတ်ပေးပြီးဖြစ်ကြောင်း တိုင်းကညနရုံး လိုင်စင်ဌာနထံမှ သိရသည်။

No comments: