Sunday, March 16, 2014

ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ခွင့်ရ ကုမ္ပဏီသစ်အချို့ ကတ်များ စတင် ရောင်းချတော့မည်

စ, ချိုကို

ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ခွင့် ထပ်မံ ရရှိထားသည့် ကုမ္ပဏီအချို့ ယခုမတ်လအတွင်း ဖုန်းငွေဖြည့်ကတ်များကို ဈေးကွက်တွင်း စတင်ရောင်းချသွားမည်ဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီများက မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေဖြည့်ကတ်ထုတ်လုပ်ခွင့်ရ ကုမ္ပဏီသစ်များကို ဇန်န၀ါရီလအတွင်းက စတင်စာချုပ်, ချုပ်ဆိုခဲ့ပြီး အဆိုပါကုမ္ပဏီများမှာ Amara Communication၊ Fortune International Co., Ltd၊ မြန်မာပိတောက်၊ ABC စသည့် ကုမ္ပဏီများ ဖြစ်သည်။

ငွေဖြည့်ကတ်ထုတ်ခွင့်ရ ကုမ္ပဏီတစ်ခုဖြစ်သော Fortune International Co.,Ltd ၏ အထွေထွေ မန်နေ ဂျာဦးဇော်အောင်က “ဖုန်းငွေဖြည့်ကတ်တွေကို ဒီလအတွင်းမှာ ဈေးကွက်မှာ စတင်ရောင်းချသွားဖို့ ရှိပါ တယ်။ တစ်နိုင်ငံလုံး အနေအထားနဲ့ ဖြန့်ချိ သွားမှာပါ” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်း ငွေဖြည့်ကတ်များကို ယခင်နှစ်များက ကုမ္ပဏီ ငါးခုအထိသာ လုပ်ကိုင်ခွင့် ချပေးထားရာမှ ၂၀၁၄ ခုနှစ် မှ စတင်၍ ကုမ္ပဏီ ကိုးခုအထိ လုပ်ကိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ဖုန်းငွေဖြည့်ကတ် ထုပ်လုပ်ခွင့်ရ ကုမ္ပဏီအသစ်များသည် စာချုပ်,ချုပ်ဆိုသည့် ဇန်န၀ါရီလအတွင်း စတင်၍ သုံးလအတွင်း ဈေးကွက်တွင် ဖုန်းငွေဖြည့်ကတ်များ စတင်ရောင်းချနိုင်ရမည်ဟု ဆိုထားသည်။

Amara Communication ၏ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့လည်း ဒီ မတ်လအကုန်လောက် ဖုန်းငွေဖြည့်ကတ် စတင်ရောင်းချ သွားမယ်” ဟုပြောသည်။ လက်ရှိတွင် မိုဘိုင်း ငွေဖြည့်ကတ် ရောင်းချနေသော ကုမ္ပဏီငါးခုအထိရှိပြီး ၎င်းကုမ္ပဏီများမှာ Asia Mega Link Co.,Ltd၊ Global Telephone Co.,Ltd၊ တာမိုး ညဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ၊ ရတနာပုံ တယ်လီပို့နှင့် Elite Tech IT Services Co.,Ltd တို့ဖြစ်သည်။ ၂၀၁၄ တွင် တင်ဒါသစ်ဖြင့် ပြန်လည်ခေါ်ယူသောကြောင့် ကုမ္ပဏီကိုးခုအထိ လုပ်ကိုင်ခွင့်ရှိလာခဲ့ပြီ အဆိုပါကုမ္ပဏီများသည် Prepaid Card များ ရောင်းချခြင်း အပြင် နောက်ပိုင်းတွင် e-top up စနစ်ပါ လုပ်ဆောင်ရမည် ဖြစ် သည်။

ဦးကျော်နိုင်က “နောက်ပိုင်းမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကနေ e-top up စနစ်နဲ့ ဖုန်းဘီလ်ဖြည့်တဲ့ စနစ် လုပ်သွားဖို့ ရှိတယ်။ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီတွေကလည်း အဲဒီစနစ်ပါ လုပ်နိုင်ရမယ်။ e-top up စနစ်က လက်ရှိမှာ ကျေးလက်ဒေသ မိုဘိုင်းဖုန်းအသုံးပြု သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်လောက်သေး ဘူး။ နောက်နှစ်နှစ်လောက်မှ စတင် အသုံးပြုနိုင်မယ် ထင်တယ်” ဟု သုံးသပ်ပြော ကြားသည်။

လက်ရှိတွင် ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့်ကုမ္ပဏီ နည်းနေခြင်းကြောင့် မြို့ကြီးများတွင်သာ ဖုန်းငွေ ဖြည့်ကတ်များ အလွယ်တကူ ၀ယ်ယူနိုင်ပြီး ကျေးလက် ဒေသနှင့် နယ်မြို့များတွင် ဖုန်းငွေဖြည့်ကတ်များ အလွယ်တကူ ၀ယ်ယူနိုင်ရန် အခက်အခဲ ရှိနေသေးသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်း အသုံးပြု သူမှာ ၇ ဒသမ၃၅ သန်းကျော်အထိ ရှိနေပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းဖုန်း ငါးသန်း ထပ်မံ ချပေးသွားမည်ဖြစ်သည်။

No comments: