Monday, March 10, 2014

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေး ဥပဒေများ ရေးဆွဲရန် ကော်မရှင်ဖွဲ့စည်း

သိင်္ဂီထွန်း

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်းဆိုင်ရာ ထိန်းညှိရေး ဆိုင်ရာ ဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းရန် ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်တစ်ရပ်ကို ၂၀၁၄ခုနှစ် မတ်လ ၇ရက်က ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်။

ယင်းဥပဒေနှစ်ရပ်အတွက် ဥပဒေကြမ်းများ ရေးဆွဲရာတွင် ပြီးပြည့်စုံရန် ဘာသာရပ်ဆိုင်ရာ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ ပါဝင်သည့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးလိုက်သည်ဟု နိုင်ငံတော် သမ္မတရုံးက မတ်လ ၇ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဥပဒေကြမ်း ရေးဆွဲရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေကို နိုင်ငံတော်သမ္မရုံး၏ ရန်ပုံငွေမှ သုံးစွဲမည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်တွင် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥက္ကဋ္ဌအဖွဲ့ တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌအဖြစ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်နှင့် သာသာနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးတို့က ပူးတွဲ တာဝန်ယူထားသည်။ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစစ်အေး၊ အငြိမ်းစားသံအမတ်ကြီး၊ တက္ကသိုလ်ပါမေက္ခအငြိမ်းစား၊ ညွှန်ကြားရေးမှူးချုပ်များ၊ စာရေးဆရာ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်၊ ရှေ့နေချုပ်ရုံးမှ ဒုညွှန်ချုပ် စသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။ ကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နှစ်ဦးအပါအဝင် ၁၂ဦးဖြင့် ဖွဲ့စည်းထားသည်။

ကော်မရှင်အနေဖြင့် ရဟန်းရှင်လူ ပြည်သူများထံမှ ပေးပို့လာသည့် အကြံပြုချက်များ၊ ဥပဒေများ ရယူနိုင်ရေးအတွ် ဆက်သွယ်ဆောင်ရွက်မည့် ပုဂ္ဂိုလ် သတ်မှတ်တာဝန်ပေးရန်နှင့် လိုအပ်ပါက ပွင့်လင်းမြင်သာသည့် အစည်းအဝေးများ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် စသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် ဖြစ်သည်။

ထိုကော်မရှင်သည် အပြီးသတ် ပြုစုရေးဆွဲပြီးသည့် ဥပဒေကြမ်း နှစ်ရပ်ကို ၂၀၁၄ခုနှစ် ဇွန်လ ၃၀ရက်ထက် နောက်မကျဘဲ နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်ဖြစ်သည်။

No comments: