Tuesday, March 11, 2014

လုံခြုံရေးနှင့် ယာဉ်စည်းကမ်းအတွက် စီစီတီဗီ ၄၄ လုံးတပ်မည်

မျိုးသန့်

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တွင် လုံခြုံရေးနှင့် ယာဉ်စည်ကမ်းလိုက်နာမှု ရှိ၊ မရှိ သိစေရန် ရည်ရွယ်ကာ စီစီတီဗီကင်မရာ ၄၄ လုံးကို ၂၀၁၄ ခုနှစ်အပြီး တပ်ဆင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။

တပ်ဆင်မည့်မြို့နယ်များမှာ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်နေရာ ၄၀ တွင် ကင်မရာအလုံးပေါင်း ၄၄ ခု တပ်ဆင်ပြီး ကွက် ကဲရေးရုံးကို မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးအတွင်း ထားရှိမည်ဖြစ်သည်။

“တပ်ဆင်ဖို့အတွက် နေရာ၊ ဆက်စပ်ပစ္စည်း၊ လျှပ်စစ်မီး စတာတွေကို အဆင်သင့် လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ တိုင်တွေကို စိုက်ထူထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း သဘောတူစာချုပ်ချုပ်ဆိုထား ပြီးသားပါ။ ဒီနှစ်ထဲတော့ တပ်ဆင်ဖြစ်ဖို့များပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့အတွင်း လုံခြုံရေးပိုင်း ပိုမိုလုံခြုံစိတ်ချရစေရန်၊ ကင်မရာများတပ်ဆင်ခြင်းကြောင့် မှုခင်းကျူး လွန်မှု ရာခိုင်နှုန်းလျော့ကျသွားစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်သူများကို အချိန်နှင့် တစ်ပြေးညီ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်စေရန်နှင့် ညပိုင်းအချိန် မှုခင်းကျူးလွန်မှုများကိုပါ မှတ်တမ်း တင်ထားရှိနိုင်စေရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

“ပုံရိပ်တွေကို အတိအကျဖမ်းယူနိုင်တဲ့ အဆင့်မီကင်မရာအမျိုးအစားတွေ တပ်ဆင်မှာဖြစ်ပါတယ်။ ည ဘက်ကိုလည်း ပုံရိပ်တွေ ရိုက်ယူနိုင်အောင် လုပ်ဆောင်ထားမှာဖြစ်ပါတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတာ ၀န်ရှိသူတစ်ဦးက ပြောသည်။

တပ်ဆင်ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ဘတ်ဂျက်လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ တပ်ဆင်ပေးမည့် တရုတ်နိုင်ငံမှ ပညာရှင်များ လာရောက်ရန်သာ လိုအပ်တော့ကြောင်း ၎င်းက ဆက် ပြောသည်။

ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့မှာ မန္တလေးခရိုင်၌ မြို့တွင်းဧရိယာတွင် မပါဝင်သောကြောင့် တပ် ဆင်မှုမပြုလုပ်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဆက်လက် တပ်ဆင်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ သည်ဟု ဆိုသည်။

No comments: