Tuesday, March 11, 2014

ကြွေးကျန် ၂၅ သိန်းကျော်ကို မပေးချေဘဲ တံဆိပ်တုံးအတုဖြင့် လိမ်လည်သွားဟုဆို

နန်းမြင့်

ရဲမှုကြွေးကျန် ၂၅ သိန်းကျော်ရှိ ခရီးသည်တင် ဟိုင်းလတ်ယာဉ်သည် ယာဉ်အို/ဟောင်း အပ်နှံရေးဌာန တွင် တံဆိပ်တုံးအတုဖြင့် စာရွက်စာတမ်းများ ထုတ်ယူသွားသဖြင့် အရေးယူထားသည်ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) တွင် တာဝန်ကျ ရဲက ဟိုင်းလတ်ယာဉ်တစ်စီးသည် ရဲမှုကြွေးကျန်များကို တရားမဝင်သော နည်လမ်းဖြင့် ယာဉ်ထိန်းရဲတပ်ဆိပ်တုံး အတုများ အသုံးပြုကာ ယာဉ်သက်တမ်းတိုးခြင်း၊ ကားအပ်စလစ် ထုတ်ယူခြင်းများ ပြုလုပ်သွားခဲ့ကြောင်း သတင်းပို့သဖြင့် ဒုရဲမှူးအောင်ကြီးနှင့် ရဲအုပ်ဝင်းလွင်တို့က ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (မြင်သာ) သို့သွားရောက်ပြီး စုံစမ်းခဲ့သည်။

ထို့နောက် အမှတ် ၁ဝ၇ ခရီးသည်တင်ယာဉ်လိုင်းမှ ဟိုင်းလတ်ယာဉ်သည် ရဲမှုကြွေးကျန် ၂၅ သိန်းကျော်ရှိနေသည်ကို မပေးချေ ဘဲ ပြစ်မှုမှတ်တမ်း စာရွက်အတုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မှုသေးစစ်ဌာနစု တံဆပ်ဝိုင်းအတု၊ ဒုရဲမှူးအောင်ကြီး၏ လက်မှတ်အတု များ အသုံးပြုကာ လိမ်လည်ပြီး ရဲမှုကင်းရှင်းကြောင်း၊ ဝှီးတက် ပျောက်ဆုံးကြောင်း ထောက်ခံချက်များဖြင့် ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ စလစ်စာရွက်အား ထုတ်ယူသွားသည်ကို ရဲဌာနက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဒုရဲမှူးကြီး ဦးလင်းထွဋ်က “ဒဏ်ကြေးများကို တရားဝင် မပေးဆောင်ပဲ စာရွက်စာတမ်းအတုနဲ့ ကားအပ်နှံသွားတာ”ဟု ပြောသည်။

ယင်းဖြစ်စဉ်များကို ကြားမှဆောင်ရွက်ပေးသူ (ပွဲစား)က ယာဉ်ပိုင်ရှင်များကို လိမ်လည်သလို ရဲတပ်ဆိပ်တုံးအတုလုပ်ပြီး လိမ်လည်အပ်နှံသည့်အတွက် ယာဉ်အပ်နှံသူများနှင့် သက်တမ်းတိုးသူများ သတိထားကြရန် ဒုတိယရဲမှူးဦးလင်းထွဋ်က ပြော သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲမှူးအောင်ကြီးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ပ-၇၇/၂ဝ၁၄/ပုဒ်မ- ၄၂ဝ/၄၆၈ဖြင့် ၁၈-၂-၂ဝ၁၄ ရက်က အမှုဖွင့်ထားပြီး အမှုအား စုံစမ်းစစ်ဆေးလျက် ရှိသည်။

No comments: