Tuesday, March 11, 2014

ဧရာဝတီတိုင်းအတွင်း တစ်မြို့နယ် မီးသတ်ယာဉ်တစ်စီး ပေးအပ်

စည်သူမောင်မောင်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုတွင် ပုသိမ်မြို့နယ်မှအပ ကျန်မြို့နယ်တစ်ခုလျှင် မီးသတ်ယာဉ် တစ်စီးနှုံးဖြင့် စုစုပေါင်း မီးသတ်ယာဉ် ၂၅ စီးကို မတ်လ ၉ ရက်က ပုသိမ်မြို့တော်ခန်းမတွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်ဖိုးမှ ဧရာဝတီတိုင်းဒေကြီး အစိုးရအဖွဲ့သို့လွှဲပြောင်း ပေးအပ်သည်။

“မီးလောင်မှုအကြိမ်ရေများလာတာကြောင့်မီးသတ်ယာဉ်များ ပိုမိုဖြည့်တင်းရန် လိုအပ်ပါတယ်။ မီးသတ်ယာဉ်တွေ ပိုမိုဖြည့်ဆည်းပေးရုံနဲ့ မီးဘေးလုံခြုံရေး အပြည့်အ၀ရနိုင်မှာ မဟုတ်ပါဘူး။ မီးဘေးအန္တရာယ်ကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးခြင်း၊သရုပ်ပြခြင်း၊ ကြေငြာခြင်း၊ သတိပေးခြင်းလုပ်ငန်းများနဲ့ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ လုပ်ဖို့လိုပါတယ်” ဟု မီးသတ်ညွှန်ကြားရေးမှူးချုပ် ဦးတင်ဖိုးက အဆိုပါ မီးသတ်ယာဉ်များ ပေးအပ်ပွဲအခမ်းအနားတွင် ပြောသည်။

နိုင်ငံတော်ဘက်ဂျက်ဖြင့် ချထားပေးသည့် မီးသတ်ယာဉ်များသည် တရုတ်နိုင်ငံလုပ် ဒေါင့်ဖန်း အမျိုးအစားများဖြစ်ပြီး တစ်စီးလျှင် တန်းဖိုး ကျပ်သိန်း၂၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ဧရာဝတီတိုင်းအတွင်း ၂၀၀၄ခုနှစ် မှ၂၀၁၃ခုနှစ် အထိမီးလောင်မှု(၅၇၇)ကြိမ် ရှခဲ့ပြီး ဆုံးရှုံးမှု တန်းဖိုးကျပ် ၄၅၄ ဒသမ၂၂ သန်းရှိကြောင်း ဦးတင်ဖိုးကပြောသည်။

“မီးသတ်ကားတွေရလိုတော့ ၀မ်းသာယ်။ မီးလောင်းမှုဖြစ်ရင် ပြည်သူတွေအနေနဲ့  မီးသတ်ကားလမ်းကြောင်းတွေကို ရှင်းလင်းပေး စေချင်တယ်။ ဖျာပုံမှာဆိုရင် မီးသတ်ကားက မီးငြိမ်းဖို့ သွားတုန်း ဆိုင်ကယ် တစ်စီးကို ရှောင်လိုက်တာ ကားလည်း တိမ်းမှောက်သွားတယ်။ ရဲဘော်တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့တယ်၊ မီးလောင်ရင် အနီးဆုံးလမ်းကိုလည်း လမ်းညွန်ပေးစေချင်တယ်”ဟု ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမျိုးဝင်းက မဇ္ဈိမကိုပြောသည်။

ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနသို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဦးတင်ဖိုးမှ လွဲပြောင်းပေးအပ်သည့် မီးသတ်ယာဉ် ၂၅ စီးနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများကို ဧရာဝတီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်းက လက်ခံ ရယူခဲ့သည်။

No comments: