Friday, March 14, 2014

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာစစ်တပ် ပါဝင်ရင် ထိခိုက်နိုင်

ကို​ထွေး

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ထဲမှာ မြန်မာ တပ်ဖွဲ့တွေပါဝင်ဖို့ ကုလသမဂ္ဂရဲ့ ကမ်းလှမ်းချက်ဟာ နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးစံ လျော့ပါးပြီး မတော်တရော်တွေ ဖြစ်စေနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (အိပ်ခ်ျအာရ်ဒဗလျူ)က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီး ရေးသားပေးပို့တဲ့ အိတ်ဖွင့်စာမှာ အခုလို ရေးသား ထားတာပါ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေ နမ့်ဘီးယားရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင် ပါဝင်လုပ်ဆောင်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ရဲ့စာမှာတော့ မြန်မာစစ်တပ်ဟာ ကမ္ဘာမှာ မတော်မတရား အများဆုံး လုပ်တဲ့တပ်ဖွဲ့ ဖြစ်ပြီး သတ်ဖြတ်၊ နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သား အသုံးပြုမှု၊ အတင်းအကျပ်စေခိုင်းမှုနဲ့ တခြား မတော်မတရားမှုတွေမှာ တာဝန်ရှိသလို အစိုးရက စစ်သားတွေကို စစ်ရာဇ၀တ်မှုနဲ့ အရေးယူတာ မရှိဘူးလို့ ရေးသားပါတယ်။

အိပ်ခ်ျအာရ်ဒဗလျူအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကင်နီရော့ကလည်း ကမ္ဘာတ၀န်းမှာ ကာကွယ်ပေးနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ရဲ့ စံတွေနဲ့ ယှဉ်လိုက်ရင် အခွင့်အရေးနဲ့ အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကာကွယ်ပေးမှုဟာ ဆီလျော်မှုမရှိ ဖြစ်နေတယ်လို့ ပြောပါ တယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ၁၉၆၂ အာဏာသိမ်းပြီးကတည်းက မတော်မတရားမှုတွေကို စနစ်တကျ လုပ်ဆောင်ခဲ့သလို မြန်မာက ပြုပြင်ပြောင်းလဲနေပေမယ့် စစ်တပ်ကတော့ မပြောင်းလဲသေးတဲ့အကြောင်းနဲ့ မြန်မာစစ်သားတွေကို ငြိမ်းချမ်းရေးတပ်ဖွဲ့ထဲမှာ ထည့်သွင်းမယ် ဆိုရင် ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ရဲ့ နာမည်ကို ထိခိုက်တယ်လို့လည်း သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ရဲ့ အရင်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကိုလည်း ကင်းလွတ်ခွင့်ပေးထားသလို ဒီနေ့အထိ ကချင်ပြည်နယ်လို လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ မတော်မတရားမှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာစစ်တပ်ရဲ့ ကလေးစစ်သား ဆက်အသုံးပြုနေတာဟာလည်း စိုးရိမ်ပူပန်စရာ ဖြစ်သလို ၂၀၁၃မှာ ကလေးစစ်သား အသုံးပြုတာကို ရပ်တန့်ပြီး ကလေးတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ သဘောတူညီချက်တွေ ရှိနေပေမယ့် ကလေးစစ်သား အနည်းငယ်ကိုသာ လွှတ်ပေးသေးတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်းမှာလည်း အင်ဒိုနီးရှား ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးထိမ်းသိမ်းမှု သင်တန်းတက်ရောက်လိုပါက သင်တန်းသားများ စေလွှတ်နိုင်ကြောင်း ပြောဆိုခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကုလသမဂ္ဂကိုယ်စားလှယ်တဦးက ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့မှာ ပါဝင်နိုင်ဖို့ အကြံပြုကမ်းလှမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့ တယ်လို့ နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

No comments: