Sunday, March 16, 2014

ရှမ်းပြည်တွင် မီးသတ်ယာဉ် ၁၉ စီး မြို့နယ်အလိုက် ခွဲတမ်းဖြင့်ပေးမည်

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်နယ်အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ချထားပေးသည့် မီးသတ်ယာဉ် ၁၉ စီးကို မတ်လ ၁၈ ရက်တွင် မြို့နယ်ဒေသများအလိုက် တောင်ကြီးမြို့တော်ခန်းမတွင် အခမ်းအနားဖြင့် ပေးအပ်မည်ဖြစ် သည်ဟု တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးအောင်သူက မတ် ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသို့ ပေးအပ်ရာတွင် ခွဲတမ်းများအရ ရှမ်းပြည်မြောက်ပိုင်းတွင် ၁၁ စီး၊ ရှမ်းပြည်တောင်ပိုင်းတွင် ၄ စီး နှင့် ရှမ်းပြည်အရှေ့ပိုင်းအတွက် ၄ စီး ပေးအပ်သွားမည်ဟု ဆိုသည်။

“မီးသတ်ရဲ့ဖွဲ့စည်းပုံအရ မီးသတ်ကားတစ်စီးရှိတဲ့နေရာတွေမှာ အင်အားပြည့်အောင် မီးဘေးကာကွယ်ရေး လုံခြုံရေး ဆောင်ရွက်နိုင်အောင်လို့ ဖြန့်ဝေပေး ရခြင်းဖြစ်တယ်” ဟု ဦးစီးမှူးဦးအောင်သူက ပြောသည်။

လက်ရှိ မီးသတ်ကားများ ဖြန့်ဝေပေးရာတွင် မီးသတ်သန္ဓေရှိသည့် မြို့များအား ဦးစားပေးခြင်းဖြစ်ပြီး ဖြန့်ဝေပေးသွားမည့် မီးသတ်ကားများသည် တရုတ်နိုင်ငံလုပ် ဒေါင်းဖန်းအမျိုးအစား၊ ရေဂါလန် ၈၈၀ ဆံ့ မီး သတ်ရေယာဉ်ဖြစ်ပြီး တစ်စီးလျှင် ကာလတန်ကြေး ကျပ်သိန်း ၂၁၀ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။

ရှမ်းတောင်ရှိ ရပ်စောက်၊ နမ့်ဆန်၊ မိုင်းရှူး၊ လင်းခေး၊ ရှမ်းမြောက်ရှိ လားရှိုး၊ မိုးမိတ်၊ သီန်္ဒီ၊ မူဆယ်၊ နမ့်ခမ်း၊ ဟိုပန်၊ ကွတ်ခိုင်၊ တန့်ယန်း၊ နမ္မတူ၊ သီပေါ၊ နောင်ချို၊ ရှမ်းရှေ့ရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းပျဉ်းမြို့နယ်များသို့ ပေးအပ်သွားမည်ဖြစ်သည်။

No comments: