Friday, March 14, 2014

အခွန်ပိုရသော်လည်း အရက်သောက်သုံးမှု လျော့ကျဖို့ ရောင်းခွင့် လိုင်စင်သစ် မပေး

မျိုးသန့်

ပြည်တွင်း၊ ပြည်ပမှ အရက်၊ ဘီယာများ ရောင်းချရန် လိုင်စင်ဈေးနှုန်းမြင့်မားသဖြင့် အခွန်ရရှိမှု ပိုသော်လည်း ပြည်သူများ အရက်သောက်သုံးမှု လျော့ကျစေရန် ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်သစ် ထပ်မံချထား ပေးရန် အစီအစဉ်မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇင်ဦးက မတ် ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ထပ်မံဖွင့်လှစ်ဖို့အတွက် လျှောက်ထားတာတွေရှိတယ်။ အခွန်ကောက်ခံရရှိမှုပိုပေမယ့် လိုင်စင်အသစ် တွေကို ခွင့်ပြုသွားဖို့ မရှိပါဘူး။ မန္တလေးခရိုင်ထဲမှာ ဆိုင်အရေအတွက်ကလည်း များနေပါပြီ။ အဓိက အရက်သေစာသောက်စားမှု လျော့ကျစေဖို့အတွက်ပါ”ဟု ၎င်းက ပြောသည်။

ဘီယာ၊ အရက် ရောင်းချခွင့်အတွက် မန္တလေးတိုင်းတစ်တိုင်းလုံးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပင် လိုင်စင်ချထားပေးရာ ထပ်မံတင်ပြလာသည့် ဆိုင်အရေအတွက်များသော်လည်း မည်သည့်လုပ်ငန်း ကိုမှ လိုင်စင်ချထားပေးရန် အစီအစဉ်မရှိကြောင်းနှင့် ပြည်ပမှတင်သွင်းလာသော အရက်များ ရောင်းချ ခွင့်ပေးခြင်းကိုလည်း ထပ်တိုးပေးရန်မရှိဟု ဆိုသည်။

အရက်ချက်လုပ်ရောင်းချခွင့်အတွက်လည်း ယင်းတို့ထံတင်ပြရမည်ဖြစ်ကာ လတ်တလောတွင် ဆိုင်သစ် ထပ်ချဲ့ရန် အရက်ချက်လုပ်ခွင့် တောင်းဆိုခြင်းများကို ခွင့်မပြုတော့ကြောင်း၊ မည်သည့်ဌာနကိုမျှလည်း လိုင်စင်ချထားခွင့်ပေးအပ်မည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘီယာ၊ အရက်ရောင်းချခွင့်နဲ့ အရက်ချက်လုပ်ခွင့်တွေကို မန္တလေးခရိုင်အတွင်းမှာ လိုင်စင်၂,၇၈၉ ခု ချ ပေးထားပါတယ်။ လိုင်စင်မရှိဘဲ ရောင်းချနေတာတွေကို တစ်လငါးကြိမ်စစ်ဆေးပြီး ဖမ်းဆီးတရားစွဲဆို နေပါတယ်”ဟု ဦအောင်ဇင်ဦးက ပြောသည်။

လိုင်စင်များဖြင့်ရောင်းချရာတွင်လည်း လက်လီရောင်းချခွင့်လိုင်စင်နံပါတ် CS 1, CS 2A , CS 3 လက် ကားရောင်းချခွင့်လိုင်စင် D 1 , D 1A , FL 6 များသတ်မှတ်ကာ လက်လီဆိုင်အချင်းချင်း အရက်၊ ဘီ ယာ၊ နိုင်ငံခြားအရက်များ ၀ယ်ယူရောင်းချခြင်းကို ခွင့်မပြုကြောင်း၊ လက်ကားဆိုင်မှဝယ်၍ လက်လီ ပြန် ရောင်းချခြင်းကိုသာ ခွင့်ပြုထားသည်ဟု ဆိုသည်။

လိုင်စင်များ ထပ်မံချမပေးသော်လည်း လက်ရှိဖွင့်လှစ်နေသော ဆိုင်များနှင့် လက်လီအရောင်းဆိုင်များ ကို နေရာပြောင်းဖွင့်ခွင့်ပေးထားကြောင်း၊ လက်လီဆိုင်များကို လက်ကားဆိုင်အဖြစ် တိုးမြှင့်ရောင်းချခွင့် မပြုဘဲ လက်လီဆိုင်လိုင်စင်အတိုင်း ပြောင်းလဲဖွင့်လှစ်ခွင့်ပြုထားသည်။

မန္တလေးခရိုင်အတွင်း အရက်၊ ဘီယာ လက်လီလက်ကားအရောင်းဆိုင်လိုင်စင်၊ အရက်ချက်လုပ်ခွင့်လိုင် စင် စုစုပေါင်း ၂,၇၈၉ ခု ရှိသည်။

No comments: