Friday, March 14, 2014

ဟံသာဝတီလေဆိပ်စီမံကိန်း ကြန့်ကြာဖွယ်ရှိဟု ဆို

ရိုက်တာ

အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကုန်ကျမည့် ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထားခဲ့သော်လည်း လေဆိပ်တည်ဆောက်ရေး ဆိုင်ရာ မူဝါဒအပြောင်းအလဲများကြောင့် သတ်မှတ်ချိန်အတွင်း ပြီးနိုင်မည်မဟုတ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောသည်ဟု ရိုက်တာသတင်းဌာနက မတ်လ ၁၂ ရက်တွင် ရေးသားဖော်ပြသည်။

“တင်ဒါတင်ထားတဲ့ ကုမ္ပဏီလေးခုကို တင်ဒါအသစ်ထပ်တင်ပေးဖို့ ပြောထားပါတယ်။ ဒါကလည်း ဒီစီမံ ကိန်းအတွက် တင်ဒါခေါ်ယူမှုမှာ မျှတမှုရှိအောင်လို့ပါ။ တင်ဒါနောက်ဆုံးပေးသွင်းရမယ့် ရက်ကတော့ ဧပြီ ၂၂ လို့ သတ်မှတ်ထားပါတယ်”ဟု အထက်ပါအရာရှိက ပြောကြောင်း ရိုက်တာသတင်းတွင် ရေး သားထားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန်အတွက် တောင်ကိုရီးယားနိုင်ငံ၏ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးကုမ္ပဏီကို ၂၀၁၃ ခုနှစ်သြဂုတ်လတွင် ရွေးချယ်ခဲ့သော် လည်း အပြီးသတ်ဆွေးနွေးမှုများ အောင်မြင်မှုမရှိခဲ့၍ လေဆိပ်စီမံကိန်းကို စတင်နိုင်ခြင်း မရှိခဲ့ပေ။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရန်အတွက် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို တည်ဆောက်ခဲ့သည့် ယုံနမ်ကုမ္ပဏီကို အင်ချွန်း၏ အရန်ကုမ္ပဏီအဖြစ် ရွေးချယ်ထားခဲ့ကြောင်း သိရ သည်။

အင်ချွန်းနှင့် ယုံနမ်ကုမ္ပဏီနှစ်ခုတို့သည် ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် တည်ဆောက်မှုဆိုင်ရာ အထောက်အပံ့များနှင့်အတူ ငွေကြေးတစ်စိတ်တစ်ဒေသ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးသွားမည်ဟု ကမ်းလှမ်းထားပြီး မြန်မာအစိုးရကလည်း အဆိုပါကမ်းလှမ်းမှုများကို လက်ခံစဉ်းစားနေသည်ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိုင် ၄၀ အကွာတွင် တည်ရှိ သည်။ မြန်မာနိုင်ငံတွင် လက်ရှိပြေးဆွဲနေသော လေဆိပ်ပေါင်း သုံးဆယ်ကျော်ရှိသည့်အနက် သုံးခုသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်အဆင့်အဖြစ် သတ်မှတ်ထားကြသည်။ လက်ရှိတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်ကို အဆင့်မြှင့်တင်မှုများ၊ တိုးချဲ့မှုများပြုလုပ်လျက်ရှိပြီး မန္တလေး အပြည်ပြည်ဆိုင် ရာလေဆိပ်ကိုလည်း အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်ဟု သိရသည်။

No comments: