Friday, March 14, 2014

မုံရွာတွင် တက္ကသိုလ်နှစ်ခုမှ ကျောင်းသားများ ချိန်းဆိုရန်ပွဲ ဖြစ်

ကိုတိုးကြီး

မုံရွာမြို့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကျောင်းသားများနှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများသည် ယခုလ ၁၀ ရက် နံနက် ၉ နာရီ အချိန်က အောင်သာကျေးရွာနှင့် မိုးညှင်းသံဗ္ဗုဒ္ဓေဘုရားသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကားလမ်းဘေး ကန်တော်ဦးစေတီအနီးတွင် ချိန်းဆို၍ ရန်ပွဲဖြစ်ခဲ့သည်ဟု မုံရွာခရိုင် ဒုစရိုက်မှု အထူးနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်လင်းထက်နိုင်က မတ် ၁၁ တွင် မဇ္ဈိမကို ပြောသည်။

ယခုလ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်က ဝိဇ္ဇာသိပ္ပံကျောင်းသား မောင်စည်သူအပါအ၀င် လူငယ်(၁၅) ဦးသည် ကားတစ်စီး၊ ဆိုင်ကယ်(၆)စီးဖြင့် မုံရွာနည်းပညာ တက္ကသိုလ်ကျောင်းမှ Civil (မြို့ပြ) ဒုတိယနှစ်ကျောင်းသား မောင်ဇေယျာဦး၏ တယ်လီဖုန်းဖြင့် ချိန်းဆိုချက်အရ သွားရောက်ခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ထို့နောက် မုံရွာ တက္ကသိုလ်ကျောင်းသား မောင်စည်သူ အပါအ၀င် လူငယ် (၁၅) ဦးနှင့် မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသား မောင်ဇေယျာဦး အပါအ၀င် လူငယ် (၁၀)ဦးတို့သည် အဆိုပါ နေရာ၌ ရန်ပွဲဖြစ်ခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့နောက် ဝိဇ္ဇာသိပ္ပံကျောင်းသား မောင်စည်သူ အသက်(၁၇)နှစ်၊ ဘူမိဗေဒ ပထမနှစ်စ်ကျောင်းသား ဆိုသူမှာ ဦးခေါင်းဝဲဘက် ဂျိုစောင်းတွငပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလိုက်ရသည်။

ထို့ပြင် မောင်စည်သူ၏ ကားမှာ ရှေ့နောက်မှန်များ ကွဲကြေပျက်စီးခဲ့သည်ဟု ရဲစခန်းသို့ တိုင်ကြားခဲ့သည်ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွန့်က မုံရွာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ထံသို့ အဆိုပါ ဖြစ်စဉ်အား ဆက်သွယ်အကြောင်းကြားထားသည်ဟု ရဲဌာနက ဆိုသည်။

No comments: