Saturday, March 15, 2014

အင်တာနက်ဝန်ဆောင်မှု လိုင်စင်အတွက် ကန့်သတ်ထားခြင်း မရှိ

စ, ချိုကို

ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိလာပြီးနောက်ပိုင်း အင်တာနက် ၀န်ဆောင်မှု (Internet Service Provider) လိုင်စင်များကို အကန့်အသတ် ထားရှိခြင်းမရှိဘဲ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများ ကို ချထားပေးမည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက် သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။

ဦးသန်းထွန်းအောင်က “အင်တာနက် ၀န်ဆောင်မှုလိုင်စင်ကို လျှောက်ထားလာတဲ့ ကုမ္ပဏီတိုင်း သတ် မှတ်ချက်နဲ့ညီတာနဲ့ လိုင်စင်ချထားပေးသွားမယ်။ အရေအတွက်လည်း ကန့်သတ်ထားတာမျိုး မရှိဘူး”ဟု ဆိုသည်။

အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများ များပြားလာပါက အင်တာနက် အသုံးပြုသူများအတွက် ရွေးချယ် အသုံးပြု လာနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ရရှိလာနိုင်မည် ဖြစ်သည်ဟု အိုင်တီ လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အတွင်းရေးမှူး ဦးဇော်မင်းဦးက သုံးသပ် ပြောကြားသည်။

ဦးဇော်မင်းဦးက “လိုင်စင်ကို အကန့်အသတ်မရှိ ချထားပေးလိုက်ရင် ၀န်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေ များလာမယ်။ အသုံးပြုသူက စိတ်ကြိုက်ရွေးချယ် အသုံးပြုလာနိုင်မယ်။ ၀င်လျှောက်မယ့် ကုမ္ပဏီတွေဘက် ကလည်း ဈေးကွက်ယှဉ်ပြိုင်နိုင်မှု၊ ၀န်ဆောင်မှု ပေးနိုင်မှုတွေကို သေချာတွက်ချက်ပြီးမှ လျှောက်ကြလိမ့် မယ်။ ပထမပိုင်းမှာတော့ အင်တာနက် ၀န်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေ အများကြီးဖြစ်လာပြီး နောက် ပိုင်းကျရင် ၀န်ဆောင်မှု ကောင်းကောင်းပေးနိုင်မယ့် ကုမ္ပဏီ လေး၊ ငါးခု လောက်ပဲ ဈေးကွက်မှာ ကျန်ခဲ့ လိမ့်မယ် ထင်တယ်”ဟု ၎င်း၏ အမြင်ကို ပြောသည်။

ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ရ ကုမ္ပဏီများကလည်း အင်တာနက် ၀န်ဆောင်မှုကို ပေးမည်ဖြစ်ရာ လျှောက်ထားမည့် ကုမ္ပဏီများအနေဖြင့် အော်ပရေတာများနှင့်အပြိုင် ၀န်ဆောင်မှုပေးနိုင်စွမ်း ရှိရန်လိုအပ်ကြောင်း ၎င်းင်းက သုံးသပ်ပြော ကြားသည်။

ဆက်သွယ်ရေး နည်းဥပဒေကို ရှေ့နေချုပ်ရုံးတွင် တင်သွင်းထားပြီး မတ်လအတွင်း အတည်ပြု ထုတ်ပြန်သွားမည် ဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ဖေဖော်ဝါရီလအတွင်းက မဇ္ဈိမကို ပြောထားသေးသည်။

No comments: