Tuesday, March 18, 2014

ယခင် သ/မအသင်းသည် ဥက္ကဋ္ဌလူကြီးများ၏ သားဝ၊ မယားဝအသင်းသာ ဖြစ်ခဲ့ဟု ဆို

ဝိုင်းအောင်

ယခင် ခေတ်အဆက်ဆက် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် သမ၀ါယမအသင်းများသည် အောင်မြင်မှုမရှိခဲ့ဘဲ သ/မအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်လူကြီးများ၏ မိသားစုဝင်များသာ ခံစားခွင့်ရရှိပြီး ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း သ/မ၀ါယမ၀န်ကြီးဌာန၊ သမ၀ါယမအသင်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဖြူက ထုတ်ဖော်ပြောကြားလိုက်သည်။

မကွေးတိုင်း၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် မတ် ၁၄ ရက်က အလုပ်သမားရေး ရာနှင့် တောင်သူလယ်သမားရေးရာဆိုင်ရာ တိုင်းအစိုးရအဖွဲ့ ကော်မတီဝင်များ၊ ပညာရှင်များ၊ အသင်း အဖွဲ့များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားတို့ဆီမှာ နိုင်ငံတော်သမ္မတကြီးလာတုန်းက စက်ပစ္စည်းတွေပေးခဲ့တာ တစ်ဘီလီယံဖိုးကျော် တယ်။ ယခုချေးငွေတွေဆိုရင်လည်း နှစ်နှစ်အတွင်းမှာ အတိုးငွေသာ ဆပ်ခိုင်းပြီး အဲဒီနောက်ပိုင်းမှအတိုး အရင်းသွင်းရမယ်။ ကျွန်တော်တို့ဘက်က အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးထားပါ တယ်။ ယခင်သမ၀ါယမတုန်းကဆိုရင် ဥက္ကဋ္ဌလူကြီးတွေ သားဝ၊ မယားဝ ဖြစ်အောင် လုပ်နေကြတယ်။ အညာသားပြော ပြောရမယ်။ ယခုတော့ အဲလို မဟုတ်တော့ဘူး ခင်ဗျားတို့မိသားစုတွေရဲ့ သားတွေ၊ မယားတွေ တကယ်ဝအောင် လုပ်ပေးနေတာပါ”ဟု ၎င်းက ပြောသည်။

အခမ်းအနားတွင် ကန်ပြားကျေးရွာမှ တောင်သူဦးကျော်ရင်က တောင်သူများ ချေးငွေထုတ်ပေးရာ၌ မြေ ယာထွန်ယက်ချိန်၊ သီးနှံစိုက်ပျိုးချိန်၊ ပေါင်းနုတ်ပြီး သွင်းအားစုသွင်းချိန်များတွင် ငွေချေးပေးရန်နှင့် ကျေး ရွာသမ၀ါယမများအနေဖြင့် နှစ်ပတ်လည်စာရင်းရှင်းတမ်းများ တစ်ကြိမ်မှ မထွက်ခဲ့ခြင်းအပေါ် မကွေး မြို့နယ်ရုံးသို့ သွားရောက်တင်ပြသော်လည်း ရွာသားများအားလုံးက လက်မှတ်ရေးတင်ပြမှသာ လုပ် ဆောင်ပေးနိုင်မည်ဟု တုန့်ပြန်ပြောဆိုခဲ့ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။

ယင်းသို့တင်ပြလာမှုနှင့်ပတ်သက်ပြီး သမ၀ါယမအသင်းညွှန်ကြားရေးမှူးချုပ်က “မကွေးမြို့နယ်သ/မကို ပြန်စစ်ပါ့မယ်။ တကယ် နှစ်ပတ်လည်မလုပ်ဘဲ လုပ်တယ်ဆိုရင် ဆက်လက်ပြီး အရေးယူ ဆောင်ရွက် သွားပါ့မယ်၊ ခင်ဗျားတို့အတွက် ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပေးထားပြီးပြီ၊ အဲဒါတွေ နားလည်အောင် ဖတ်ကြပါ”ဟု ပြန်လည်ပြောဆိုသည်။

အခမ်းအနားသို့ အလုပ်သမားနှင့် တောင်သူလယ်သမားရေးရာကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သမ၀ါယမညွှန်ကြားရေးမှူးချုပ်၊ မြို့နယ်သမ၀ါယမအသင်းတာဝန်ရှိသူများ၊ ဒေသခံ တောင်သူလယ်သမားများ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

No comments: