Tuesday, March 18, 2014

ရခိုင်ပြည်နယ် သန်းခေါင်စာရင်းဆန္ဒထုတ်ဖော်ပွဲတွင် ဦးဝီရသူ ပါဝင်ဆန္ဒပြ

ကေဇူး

အမျိုးဘာသာစောင့်ရှောက်ရေး တရားများ ဟောကြားရန်ဟုဆိုကာ ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ဦးဝီရသူက မတ် ၁၆ ရက်က ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်မထည့်ရှိရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာတွင် ဦးဝီရသူက မြေပုံမြို့ရှိ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

“ရခိုင်လူထု ဆန္ဒထုတ်ဖော်ပွဲမှာ ဝင်ရောက်အားဖြည့်ပြီး ထိန်းသိမ်းပေးတဲ့ သဘောပါ”ဟု ဦးဝီရသူက မိန့်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ ဟုထည့်သွင်းခြင်း ခွင့်မပြုရန် တောင်းဆိုဆန္ဒထုတ်ဖော်မှုများကို ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်း မြို့များတွင် မတ်လ ၁၆ ရက်က တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့သည်။

ဦးဝီရသူသည် မတ် ၁ဝ ရက်က ရခိုင်ပြည်နယ်သို့ရောက်ရှိပြီး မြို့နယ် အများစုတွင် အမျိုးဘာသာစောင့်ရှောက်ရေး တရားများဟောကြားခဲ့ပြီး မတ် ၁၇ ရက်တွင် သံတွဲမြို့သို့ရောက်ရှိမည်ဖြစ်သည်။

ဦးဝီရသူသည် ရခိုင်ပြည်နယ် ခရီစဉ်အတွင်း ရခိုင်ဒုက္ခသည်စခန်းများသို့ သွားရောက် လှူဒါန်းမှုများပြုလုပ်ပြီး လုံခြုံရေးအင်အားတိုးမြှင့်ပေးရန်လည်း အကြံပြုထားသည်။

No comments: