Thursday, March 13, 2014

ဆယ်ဦးနှင့်အထက်ကိုသာ ကြိုတင်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ခွင့်ပြုသဖြင့် ခရီးသွားကုမ္ပဏီများ အခက်တွေ့

မို့မို့သန္တာ

ပြည်တွင်းသို့ဝင်ရောက်လာမည့် ခရီးသွားဧည့်သည် ဆယ်ဦးနှင့်အထက်ရှိမှသာ ကြိုတင်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးသည့် မူဝါဒပြောင်းလဲလိုက်ခြင်းကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအတွက် အခက်အခဲ ရှိသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးအောင်မြတ်ကျော်က ပြောကြားသည်။

ယခင်က ကြိုတင်ပြည်ဝင်ခွင့်ဗီဇာများကို ပြည်ပခရီးသည်တစ်ဦးချင်းအနေဖြင့် ခရီးသွားဝန်ဆောင်မှုလုပ် ငန်းများမှ ရယူခွင့်ရှိသော်လည်း မတ်လ ၇ ရက်မှစတင်ကာ ယင်းကဲ့သို့ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဦးအောင်မြတ်ကျော်က “အရင်အပတ်ကဆိုရင် လုံးဝပိတ်ထားတာ။ အခုမှ ဆယ်ယောက်တစ်ဖွဲ့ပြန်လုပ် ပေးတာ။ အေးဂျင့်တွေကတော့ ဆယ်ယောက်ပြည့်အောင် ကြိုးစားရတာပေါ့။ ဒီနှစ်က ခရီးသွားဝင် ရောက်မှုကို ပိုပြီးမျှော်လင့်ထားတယ်လေ”ဟု ပြောသည်။

သို့ဖြစ်ရာ ကြိုတင်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန်အတွက် ခရီးသည်ဆယ်ဦးနှင့်အထက် ပြည့်မီရန် အတွက် ခရီးသွားဝန်ဆောင်မှုအေဂျင်စီအချင်းချင်း စုစည်းကာ လျှောက်ထားနေရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ပြည်တွင်းခရီးသွား ၀န်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယင်းက “အဲလိုပြောင်းလိုက်တော့ ပြီးခဲ့တဲ့တစ်ပတ်ကဆိုရင် ဗီဇာမရလို့ ခရီးစဉ်ဖျက်သိမ်းရတာတွေရှိပြီး လျော်ရတာရှိတယ်။ အဲ့တော့ အခုဆိုရင် ဆယ်ယောက်နဲ့အထက်ကို ရအောင် စုစည်းပြီးတော့ လုပ်နေရတယ်။ မရရင် အခြားအေဂျင်စီတွေနဲ့ချိတ်ပြီး ကြိုးစားရတယ်”ဟု ပြောသည်။

ကြိုတင်ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲပြဿနာသည် အွန်လိုင်းဗီဇာနဲ့ အီလထရောနစ်ဗီဇာ အားနည်းချက် များကြောင့်ဖြစ်ရာ ယင်းစနစ်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်မှသာ ခရီးသွားလုပ်ငန်း ပိုမိုလွယ်ကူစွာ လုပ်ကိုင်နိုင်မည်ဟု ဦးအောင်မြတ်ကျော်က ဆက်လက်ပြောသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်၏ နှစ်သန်းနီး ပါးစံချိန်တင်ဝင်ရောက်မှုထက် ထက်ဝက်ခန့်များပြားနေလျက်ရှိနေသော်လည်း အိမ်နီးချင်းအာဆီယံနိုင် ငံများနှင့်နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်း တိုးတက်လာရန် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း လွယ်ကူသည့် နည်း စနစ်များဖြင့် ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရေး ဆောင်ရွက်ရန်လိုအပ်သည်ဟု ဦးအောင် မြတ်ကျော်က ထပ်မံပြောကြားသည်။

No comments: