Sunday, March 16, 2014

သမ္မတပေးသည့် ပထမဆုံး ဖွံ့ဖြိုးတိုးတက်မှုအများဆုံးဆု အမရပူရနှင့် ကူမဲတို့ ရရှိ

မျိုးသန့်

ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက်မှ နိုင်ငံတော်သမ္မတက ဖွံ့ဖြိုးတိုးတက်မှုအများဆုံး စွမ်းဆောင်ရည်ဆုကို ရွေးချယ်ရာတွင် မန္တလေးတိုင်းမှ အမရပူရမြို့နယ်နှင့် ကူမဲကျေးရွာတို့ ရွေးချယ်မှုခံခဲ့ရကြောင်း မန္တလေးတိုင်းပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်မှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် ဇင်ဦးက မဇ္ဈိမကို မတ်လ ၁၃ ရက်က ပြောသည်။

တိုင်းဒေသကြီးများအဖြစ် ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့ဖြစ်ပြီး ပြည်နယ်များအဖြစ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် စသည်တို့မှ မြို့ နယ်တစ်မြို့နယ်နှင့် ကျေးရွာတစ်ရွာစီကို တိုင်းနှင့်ပြည်နယ်အလိုက်ရွေးချယ်ကာ ဖွံ့ဖြိုးတိုးတက်မှုအများဆုံး စွမ်းဆောင်ရည်ဆု ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။

“ဆုရွေးချယ်ရာ ပြည်ထောင်စုအဆင့်က ကော်မတီတစ်ခုဖွဲ့ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆပ်ကော်မတီဖွဲ့စည်းပြီး လိုက်လံ စိစစ်တာ ဖြစ်ပါတယ်။ မန္တလေးတိုင်းမှာ သမ္မတပေးအပ်မယ့် ဖွံ့ဖြိုးတိုးတက်မှုအများဆုံး စွမ်းဆောင်ရည်ဆုကို မနှစ်က ပေးအပ်ဖို့စီစဉ်ပေမယ့် အဆင်မပြေခဲ့ဘဲ ဒီနှစ် ထပ်ရွေးချယ်ခဲ့တာမှာ အမရပူရမြို့နယ်နဲ့ကူမဲကျေးရွာတို့က ရရှိခဲ့တာဖြစ်ပါတယ်”ဟု လက်ထောက်ညွှန် မှူးဦးအောင်ဇင်ဦးက ပြောသည်။

ရွေးချယ်ရာတွင် ဒုစရိုက်မှုကျူးလွန်မှု အနည်းဆုံးဖြစ်ပွားသည့်နေရာ၊ တရားဥပဒေစိုးမိုးရေးပိုင်းဆိုင်ရာအတွက် အမှုကြီး၊ အမှုသေးဖြစ်ပွားမှု နည်းသည့်နေရာ၊ ဒေသအတွင်း သိသာသော ဖွံ့ဖြိုးတိုးတက်လာ မှု (ဥပမာ-လမ်းပန်းဆက်သွယ်ရေး၊ လူနေထိုင်မှုဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက် မှု လုပ်ဆောင်နိုင်သည့်ပမာဏ) စသည့်အချက်အလက်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က စိ စစ်ကာ ရွေးချယ်မှုများကို ပြုလုပ်ခြင်းဖြစ်သည်။

“တရားဥပဒေစိုးမိုးမှု ရာခိုင်နှုန်း ဘယ်လောက်ရှိလဲဆိုတာ ကြည့်တယ်။ မှုခင်းဖြစ်ပွားမှုကိုလည်း လူတစ်သိန်းမှာ ဘယ်လောက်ရာခိုင်နှုန်း ကျူးလွန်မှုရှိလဲ စတာတွေကို စိစစ်ပါတယ်။ အဲဒါတွေမရှိတဲ့နေရာတွေ ကို ထွေအုပ်ကနေ တင်ပြပြီး ပြည်ထောင်စုအဆင့်ရှိတဲ့သူတွေက လာရောက်စစ်ဆေးပြီး အတည်ပြုတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ဖွံ့ဖြိုးတိုးတက်မှုအများဆုံးရရှိသည့် မြို့နှင့် ကျေးရွာကို နိုင်ငံတော်က ဖွံဖြိုးတိုးတက်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်စေရန် ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး ဧပြီလတွင် ပေးအပ်ရန် စီစဉ်ထားသည်။ မည်သည့်အကူအညီနှင့် ဧပြီလ ဘယ်နှစ်ရက်တွင် ပေးအပ်မည်ကိုမူ အတိအကျ မသိရသေးကြောင်း အထွေထွေအုပ်ချုပ်မှုဦးစီးဌာနထံမှ သိရှိရသည်။

No comments: