Friday, March 14, 2014

ဖွံ့ဖြိုးရေး အကြောင်းပြ စီမံကိန်းများက ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုဖြစ်နေ

နီနီမြင့်

ကရင်ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းဟု ခေါင်းစဉ်တပ်ကာ အစိုးရ၏ဆောင်ရွက်နေမှုများသည် စီးပွားရေးထိုးစစ်ဆင်မှုတစ်ရပ်ဖြစ်ပြီး ပဏာမအပစ်အခတ် ရပ်စဲရေး ကာလအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ် ဆောင်နေခြင်းသည် စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်ဟု ကရင် တိုင်းရင်းသားခေါင်းဆောင်များက သုံးသပ်ပြောဆိုလိုက်သည်။

“ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးမရဘဲနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တာက ထိခိုက်ပျက်စီးနစ်နာမှုတွေပဲ ရှိလာစေမှာ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ စစ်ရေးအရ ထိုးစစ်ဆင်တယ်။ ဒီမှာ က စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုပြီး ဖိအားတစ်ခုအနေနဲ့ လုပ်နေတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို အလုပ်အမှုဆောင်ကော်မတီမှ တွဲဖက်အတွင်းရေးမှူး(၂) ဖဒိုမန်းမန်းက မတ်လ ပထမပတ်အတွင်း မဲ ဆောက်တွင် ပြောသည်။

နိုင်ငံတကာအကူအညီဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ကရင်ပြည်နယ်အတွင်း ဆောင်ရွက်နေ သည့် အစိုးရ၏စီမံကိန်းများတွင် ဥပမာအားဖြင့် ရေကာတာများ တည်ဆောက်ရန်စီစဉ်ခြင်းနှင့် ဖွံ့ဖြိုးရေး ဇုန်များ ပါဝင်သည်။

“ကရင်ပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အစိုးရနဲ့ညှိနှိုင်းဆွေးနွေးတာမျိုးတွေ သီးသန့်မရှိ ပါဘူး။ တွေ့ဆုံတဲ့အခါတိုင်းတော့ ကရင်ဒေသမှာ စက်မှုဇုန်တွေဖြစ်လာမယ်။ ဖွံ့ဖြိုးတိုးတက်လာမယ်ဆို တာတွေ မက်လုံးပေးပြီး ဆွေးနွေးတာတွေ ရှိခဲ့တယ်”ဟု ဖဒိုမန်းမန်းက ပြောသည်။

တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) စောသောသီဘွေးက “သံလွင်မြစ်မှာဟတ်ကြီးဆည်တည်ဆောက် မှာကို အစိုးရဘက်က တရားဝင်ဆွေးနွေးတာမျိုးတွေ မရှိဘူး။ ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်မှုကို မလို လားလို့မဟုတ်ဘူး။ နယ်မြေလူထုရဲ့ သဘောထားနဲ့ အခြေအနေတွေကို သုံးသပ်ပြီးတော့ စဉ်းစားရမယ့် အပိုင်းတွေရှိတယ်”ဟု ပြောသည်။

စီးပွားရေးဟုအကြောင်းပြကာ စစ်တပ်အင်အားတိုးချဲ့ခြင်း (ဥပမာ ရေကာတာစီမံကိန်းများကိုအကြောင်း ပြလျက် လုံခြုံရေးတိုးချဲ့ချထားခြင်း)၊ နယ်မြေတိုးချဲ့ခြင်း စသည့် ကိစ္စရပ်များ ဖြစ်ပွားလာနိုင်ပြီး စစ်မှန် သည့် အပစ်ရပ်စဲရေးကို ရှေ့ဆက်နိုင်ရန် စိန်ခေါ်မှုများရှိနေသည်ဟု ဆိုသည်။

“ဖွံ့ဖြိုးရေးမလုပ်ရလို့ တော်လှန်ရေးလုပ်ခဲ့တာမဟုတ်ဘူး။ တန်းတူအခွင့်အရေးရဖို့ မိမိကိုယ်ကိုမိမိ စီမံ အုပ်ချုပ်နိုင်ဖို့ပဲ”ဟု ဖာပွန်ခရိုင်၊ တပ်မဟာ(၅) စစ်ရေးချုပ် ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

လက်ရှိတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က မြန်မာပြည် အရှေ့ တောင်ပိုင်းအတွက် ဂျပန်အစိုးရ၏ ဖွံ့ဖြိုးရေးအစီအစဉ်ကို ၂၀၁၃ အောက်တိုဘာ၌ ထုတ်ပြန်ခဲ့သည်။

No comments: