Thursday, March 13, 2014

မြေ၀ယ်ယူစုဆောင်းမှုကြောင့် ပြည်မြို့ နဖားအင်းကျေးရွာ လယ်ယာမြေများ ဈေးတက်

ရေခဲ(ပြည်)

မြေဈေးတက်မည်ကို မျှော်လင့်ကာ လယ်မြေ၀ယ်ယူစုဆောင်းမှုများ ပြုလုပ်လာသည့်အတွက် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နတ်တလင်းအုပ်စု၊ နဖားအင်းကျေးရွာအုပ်စုတွင် လယ်မြေများ ဈေးနှုန်းမြင့် တက်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နတ်တလင်းအုပ်စု၊ နဖားအင်းကျေးရွာအုပ်စု လမ်း ဘေးဝဲယာမှာရှိတဲ့ လယ်တွေကို ပိုက်ဆံရှိတဲ့လူတွေက ၀ယ်ယူနေကြတာပါ။ ဒီလိုဝယ်ယူနေကြတာ ကြောင့် လယ်မြေဈေးနှုန်းတွေ တက်သွားပါတယ်။ ဈေးနှုန်းက နှစ်ဆကျော်ကျော်လောက်ကို တက်သွား တာပါ” ဟု ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နတ်တလင်းအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဆန်းလွင်က မတ်လ ၁၀ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

“ပိုက်ဆံရှိလို့ဝယ်နေကြတာပါ။ ရန်ကုန်ကသူဌေးတွေ ၀ယ်ကြတယ်လို့ ပြောပါတယ်။ တစ်ဧကကို သိန်း လေးငါးဆယ်အထိ ပေါက်ပါတယ်”ဟု နတ်တလင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ပြောပါသည်။

ယခင်က တစ်ဧက ကျပ်သိန်း၂၀ သာ ဈေးပေါက်သည့် လယ်ယာမြေများမှာ ယခုအခါ ကျပ်သိန်း ၄၀ မှ ၅၀ အထိ ဈေးတက်လာသည်ဟုလည်း ဦးဆန်းလွင်က ပြောသည်။

“ကျွန်တော်သိသလောက် ပိုက်ဆံရှိလို့ ၀ယ်စုကြတာများတယ်။ ၀ယ်သူတစ်ဦးက ရာဇာမင်းကုမ္ပဏီက လို့ကြားတယ်”ဟု ဦးဆန်းလွင်က ပြောသည်။ ရာဇာမင်းကုမ္ပဏီက ၀ယ်ယူခြင်းမှာ ဆီပန့်ထောင်ရန် ၀ယ် ယူခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

“ကျန်တဲ့လူတွေကတော့ မြေဈေးတက်မှာဆိုပြီး ၀ယ်စုကြတာပါ”ဟု ဦးဆန်းလွင်က ဆိုသည်။

လက်ရှိကာလတွင် အရောင်းအ၀ယ်ဖြစ်သွားသော လယ်မြေများကို ၀ယ်ယူထားသူများက တစ်စုံတစ်ရာ ဆောင်ရွက်မှုမရှိသေးဘဲ လယ်သမားများအား လုပ်ကိုင်ခွင့်ပြန်လည်ပေးထားသည်ဟုလည်း အုပ်ချုပ်ရေးမှူးဦးဆန်းလွင်က မဇ္ဈိမကို ပြောသည်။

No comments: