Wednesday, March 12, 2014

ယမကာနှင့် စီးကရက်များ အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံရန် ပြင်ဆင်ချက်အဆို ရှုံးနိမ့်

ဝင်းကိုကိုလတ်

စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက် ဆေးများ၊ ကွမ်းစားဆေး၊ အရက်၊ ဘီယာနှင့် ၀ိုင်အမျိုးမျိုးတို့ကို အခွန် ၂၀၀ ရာခိုင်နှုန်းကောက်ခံရန် ပြင်ဆင်ချက်အဆိုသည် ယနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ရှုံးနိမ့်သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ န၀မပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်တွင် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကို ဆွေးနွေးရာတွင် အထူးကုန်စည်များ၏ အခွန်အကောက်ကို ပုလဲမြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ၂၀၀ ရာခိုင်နှုန်းရှိသင့်သည်ဟု ပြင်ဆင်ချက် အဆိုသည် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

စီးကရက်ကို ၁၀၀ ရာခိုင်နှုန်း၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်း လိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက်၊ ဘီယာနှင့် ၀ိုင်အမျိုးမျိုးတို့ကို ၅၀ ရာ ခိုင်နှုန်း ကျသင့်မည့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အထူးကုန်စည်များဟု ခေါင်းစဉ်တပ်ထားသော အဆိုပါကုန်စည်များ ပြည်ပမှ တင်သွင်းသည့် ကုန်စည် ကုန်းပေါ်ရောက်တန်ဖိုးပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်ကုန်စည်ဖြစ်လျှင် ရောင်းရငွေ အပေါ်တွင်လည်းကောင်း၊ ယင်းတို့နှင့်အတူ ယှဉ်တွဲဖော်ပြပါ ရာခိုင်နှုန်းဖြင့် အခွန်ကျသင့်စေရမည်ဟု ဖော်ပြထားသည်။

ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “လူငယ်တွေကြားမှာ အရက်သေစာ သောက်သုံးမှုက မြင့်တက်လာနေပြီး ရောဂါရရှိတာဟာ ပိုမိုများပြားလာတာ တွေ့ရှိနေရပါတယ်”ဟု ထည့်သွင်းပြောကြားသည်။

၎င်းက “စားသုံးမှုနည်းစေချင်ရင် အခွန်ပိုကောက်၊ များစေချင်ရင် အခွန်လျှော့ကောက်ရပါတယ်”ဟုပြော သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုကောက်ခံမည့် အခွန်အကောက်နှုန်း ထားသည် အာဆီယံစံချိန်စံညွှန်းများ အတိုင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အခွန်ကောက်ခံမှုနှင့် အခွန်တိမ်း ရှောင်မှုများအပိုင်းကိုလည်း ထည့်သွင်းစဉ်းစားထားသည်ဟု ပြောသည်။

နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့အား မဲခွဲဆုံးဖြတ်ရာ ဥပဒေ ကြမ်းပူးပေါင်းကော်မတီက အနိုင်ရသွားခြင်းဖြစ်သည်။

No comments: