Sunday, March 9, 2014

အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ထောက်ပံ့ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မေတ္တာရပ်ခံ

မင်းမင်း

လစာနှင့် အခကြေးငွေမရဘဲ ပရဟိတစိတ်ဓာတ်ဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့် ရှောက်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အား ထောက်ပံ့ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်းဆိုလိုက်သည်။

“မီးဘေးကာကွယ်ရေးကိစ္စမှာ သူတို့ရဲ့စွမ်းရည်ဟာ တော်တော်လေးကောင်းတယ်။ အိမ်တွေက မီးဖိုမီး တွေလိုက်စစ်တာတို့၊ မီးငြိမ်းတဲ့အချိန်တို့ဆိုတာလည်း သူတို့ တက်တက်ကြွကြွ လုပ်တာလည်း ရှိတယ်။ မီးကင်းစောင့်တာလည်း ရှိတာပေါ့နော်။ အဲ့တော့ တစ်နည်းမဟုတ်တစ်နည်း၊ တစ်နှစ်ပြီးတစ်နှစ် နည်း နည်းလေး စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော်တွင် မတ်လ ၆ ရက်က ပြောသည်။

အရန်မီးသတ်ကားများအတွက် လိုအပ်နေသော စက်သုံးဆီနှင့် ယာဉ်မောင်းများအတွက် ကူညီထောက် ပံ့မှုများ ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည့် အမတ်တစ်ဦး၏မေးခွန်းကို ပြည်ထဲရေး ဒု-၀န်ကြီးက ဖြေကြားမှုအပြီး ဦးခင်အောင်မြင့်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မီးသတ်ဦးစီးဌာနကို ကွပ်ကဲရသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက “အရန်မီးသတ်တပ်ဖွဲ့မှာ ပါဝင်ထမ်းဆောင်နေမှု အပေါ် ငွေကြေးချီးမြှင့်ပေးခြင်းမရှိပါ”ဟု ဆိုသည်။

သို့သော် လက်ရှိဘဏ္ဍာနှစ် အသုံးစရိတ်ခွင့်ပြုချက်ဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလျှင် တစ်နှစ်စာအတွက် ငွေကျပ်တစ်သောင်း ထောက်ပံ့ပေးခဲ့သည်ဟု ဒု-၀န်ကြီးက ပြောသည်။

ဦးခင်အောင်မြင့်ကမူ “အရန်မီးသတ်နဲ့ပတ်သက်လို့ ကျွန်တော်လည်း ထဲထဲဝင်ဝင် ဆက်ဆံဖူးပါတယ်။ သူတို့ဟာ ပရဟိတစိတ်နဲ့ တစ်ကယ့်ကို စေတနာသန့်သန့်နဲ့လုပ်တဲ့ ပုဂ်္ဂိုလ်တွေဖြစ်တဲ့အတွက် သူတို့ကို ဒီထက်ပိုပြီး ကရုဏာထားဖို့ လိုပါတယ်”ဟု ဒု-၀န်ကြီး၏ ပြောဆိုမှုအပြီး ၎င်းက ထောက်ပြပြောဆိုသည်။

အရန်မီးသတ်တပ်ဖွဲ့သို့ နိုင်ငံသားတိုင်း မိမိတို့သဘောဆန္ဒအရ ၀င်ရောက်နိုင်သည်ဟု ခွင့်ပြုထားပြီး နိုင်ငံအ၀န်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်သိန်းခြောက်သောင်းကျော် ရှိသည်ဟု ဒု-၀န်ကြီးက လွှတ်တော် သို့ ရှင်းပြခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု ၁,၆၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၄,၀၀၀ ကျော် ရှိခဲ့သည်။

No comments: