Sunday, March 16, 2014

လက်ပံတန်း-ပြည် အဝေးပြေးလမ်း တိုးချဲ့မှု သုံးနှစ်အတွင်း အပြီးဆောင်ရွက်မည်

အောင်သူရထွန်း

ရန်ကုန်-ပြည်လမ်းပိုင်း၏ ဒုတိယအပိုင်းဖြစ်သော လက်ပံတန်း-ပြည်လမ်းပိုင်း တိုးချဲ့ခြင်းလုပ်ငန်းကို ပြီးခဲ့ သည့်နှစ်ကစတင်၍ တစ်နှစ်လျှင် မိုင် ၃၀ နှုန်းဖြင့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ်နိုင်ရေး ဆောင်ရွက်ပေး မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က မတ် ၁၃ ရက်တွင် ကျင်းပသည့် အမျိုး သားလွှတ်တော်၌ ကတိပေးခဲ့သည်။

“လက်ပံတန်း-ပြည်လမ်းအပိုင်း ချဲ့ခြင်းလုပ်ငန်းကို(BOT)စနစ်နဲ့ မက်စ်မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမယ်”ဟု ယနေ့ကျင်းပသော အမျိုးသားလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပဲခူးတိုင်း၊ မဲဆန္ဒနယ်အမှတ် ၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဇော်(ခ) ကိုပေါက်၏ မေးမြန်းမှုတစ်ခုဖြစ်သော လမ်းချဲ့ရာတွင် လမ်းဧရိယာနှင့်မလွတ်ကင်းသော လမ်းဘေးဝဲယာရှိ ကျွန်းပင်နှင့် အခြားသစ်ပင်များ ခုတ်လှဲပြီး မည်သို့ဆောင်ရွက်ထားကြောင်း မေးမြန်းရာ ဒု-၀န်ကြီးက “လမ်းနယ်နိမိတ်နဲ့မလွတ်ကင်းတဲ့ သစ်ပင်များခုတ်လှဲရာမှ ထွက်ရှိလာတဲ့ ကျွန်းသစ်များကိုတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို အပ်နှံဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဖြေ ကြားခဲ့သည်။

ကျွန်းသစ်မဟုတ်သော အခြားသစ်ပင်များကိုမူ (BOT) ကုမ္ပဏီ၏ ကတ္တရာ ကျိုချက်ရာတွင် ထင်းအဖြစ် အသုံးပြုမည်ဖြစ်ပြီး အချို့အား သက်ဆိုင်ရာများနှင့် ညှိနှိုင်း၍ ဒေသခံများ ထင်းအဖြစ် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ထပ်လောင်း ဖြေကြားခဲ့သည်။

ယင်း လက်ပံတန်း-ပြည်လမ်း အကျယ်သည် ၁၈ ပေ အကျယ်သာရှိခြင်းကြောင့် ကုန်တင်ကား၊ အဝေး ပြေးကားများ တစ်စီးနှင့်တစ်စီး ရှောင်တိမ်းရာတွင် အခက်အခဲများရှိသည့်အပြင် ဆိုင်ကယ်များလည်း အသွားအလာများခြင်းကြောင့် ယာဉ်အန္တရာယ် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ဟု လွှတ်တော်တွင်း မေးမြန်းဖြေကြားမှုများက ဆိုသည်။

No comments: