Monday, March 17, 2014

ယခုနှစ် မဟာသင်္ကြန်တွင် ပေ ၁၀၀ အထက် မဏ္ဍပ် ၃၂ ခုသာ တည်ဆောက်ခွင့်ပြု

မြင့်မြင့်စိုး

၁၃၅၇ ခုနှစ်၊ ရန်ကုန်မြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့၌ ပေ ၁၀၀ အထက်မဏ္ဍပ် ကြီး ၃၂ ခုသာ တည်ဆောက်ရန် လျာထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ပေ ၁၀၀ အထက်မဏ္ဍပ်များကို ပြည်လမ်းမပေါ်တွင် ငါးခု၊ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၁၀ ခု၊ ကန် တော်ကြီးပတ်လမ်း ဦးထောင်ဘိုအ၀ိုင်းမှ White Rice စားသောက်ဆိုင်အထိ ၁၇ ခု၊ စုစုပေါင်း ၃၂ ခုသာ တည်ဆောက်ရန် လျာထားခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်အကြီးအသေး ၁၃၅ ခုအထိ ခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မဏ္ဍပ်အကြီး အသေးစုစုပေါင်း ၁၀၀ ကျော် တည်ဆောက်ခွင့်ပေးရန် လျာထားခြင်း ဖြစ်သည်။ ယခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ၂၀၁၃ ခုနှစ်က ထုတ်ပြန်ထားသည့် စည်းကမ်းချက်များထက် ထပ်တိုးစည်းကမ်း ချက်များ ချမှတ်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က စည်းကမ်းချက် ၂၈ ချက်ထုတ်ပြန်ခဲ့ပြီး ယခုနှစ်တွင် လိုအပ်ချက် များအရ စည်းကမ်းချက်များ ထပ်မံဖြည့်စွက်သွားမည် ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်များသည် စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ်သည့်အတွက် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ အထိ ပေးဆောင်ခဲ့ရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ထပ်မံဖြည့်စွက်မည့် စည်းကမ်းချက်များသည် မဏ္ဍပ်တည်ဆောက်ရာတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများကို ညဘက်တွင် အလင်းရောင် လုံလုံလောက်လောက်နှင့် ကာရံထားရန်၊ လမ်းပေါ်တွင် သစ်ပုံများပုံမထားရန်၊ ယာယီ လျှပ်စစ်မီတာလျှောက်ရန်၊ မီးစက်အတွက် လောင်စာဆီကို မီးအန္တရာယ်မဖြစ်အောင် ထိန်းသိမ်းရန်အတွက် (Dry Powder) မီးသတ်ဆေးဘူးထားရှိရန်၊ အရေးပေါ် လူနာ ပြုစုစောင့်ရှောက်ရန်အတွက် ကြက်ခြေနီ ဆေးသေတ္တာများထားရှိရန်၊ လမ်းဘေး သစ်ပင်များ၏ သစ်ကိုင်းများကို မခုတ်ရန် နှင့် သစ်ပင်ကို အမာခံထားပြီး မဏ္ဍပ်မဆောက်ရန် စသည့်စည်းကမ်းချက်များကို ထပ်တိုး သတ်မှတ်ထားသည်။

No comments: