Wednesday, March 12, 2014

စားအုန်းဆီတင်သွင်းသူတို့ ဆက်လက်အကျိုးရှိမည့် ဆုံးဖြတ်ချက် ချမှတ်

စိုးသန်းလင်း

ပြည်တွင်းဆီဈေးကွက် ရှယ်ယာ ၉၀ ရာခိုင်နှုန်းကျော် ရရှိထားသော်လည်း ကျန်းမာရေးအရ စားသုံးရန် မသင့်ဟု သတ်မှတ်ထားသည့် အင်ပို့စားအုန်းဆီကို လူအများ စားသုံးမှုလျော့ကျစေရန် ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်းချမှတ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။ သို့ရာ တွင် ထိုသို့ အခွန်နှုန်းမြင့်မားသဖြင့် ဈေးမြင့်လာနိုင်သည်ဟူသော ပြည်ထောင်စုလွှတ်တော်နာယက၏ မှတ်ချက်စကားအရ ၎င်းအဆို ရှုံးနိမ့်ခဲ့ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ငါးရာခိုင်နှုန်းသာ ကောက်ခံရန် ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မူလအဆိုရှင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့ကိုယ်စားလှယ် ဦးကိုကြီးနှင့် ၎င်းအဆိုထောက်ခံသူ ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးတို့က ဤသို့ သုံးသပ်ပြောကြားခဲ့ကြသည်။

“လွှတ်တော်နာယကကြီးက ဈေးနှုန်းတွေ အပြောင်းအလဲဖြစ်သွားမှာ စိုးရိမ်တဲ့သဘောရှိတာ တွေ့ရ တယ်။ ဒီနေ့လည်း ဒီဈေးနှုန်းတက်မှာစိုးတာကို အကြောင်းခံပြီး ကျွန်တော့်အဆို ရှုံးနိမ့်သွားပါတယ်”ဟု ဦးကိုကြီးက ဖြေကြားသည်။

ထို့အပြင် ၎င်းက ပြည်တွင်း၌ စိုက်ပျိုးသော ဆီအုန်းမှရသည့် စားအုန်းဆီနှင့် ပြည်ပမှတင်သွင်းသော စား အုန်းဆီတို့ ပြည်ပဆီကြမ်းကို စားသုံးနိုင်သည့် စားအုန်းဆီအဆင့်ရောက်ရန် ငါးရက်ခန့် အချိန်ယူရခြင်း၊ ပြည်တွင်းဆီအုန်းမှ ဆီကြမ်းကမူ နှစ်ရက်ဖြင့် စားသုံးသည့် အဆင့်မီရောက်ရှိနိုင်ခြင်း စသည့် ဆီကြမ်း အရည်အသွေး ကွာခြားသောကြောင့် စားသုံးရန် စဉ်းစားသင့်သည့် အနေအထားရှိကြောင်း၊ ထိုသို့ အ ရည်အသွေးနိမ့် ပြည်ပဆီကြမ်းများ အ၀င်များလာခြင်းကြောင့် ပြည်တွင်းဆီစက်လုပ်ငန်းများ ရပ်ဆိုင်း သွားခြင်း၊ ဧက နှစ်သိန်းခန့်ရှိသော ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများ ဆက်တိုက်အရှုံးပေါ်နေခြင်း၊ ပြည် တွင်း၌ပင် စားအုန်းဆီကြမ်းကို ၀ယ်ယူရနိုင်ပါလျက် အင်ပို့စားအုန်းဆီ ၀ယ်ရသည့် နိုင်ငံခြားငွေများ ကုန် ကျခြင်း စသည့် ဆိုးကျိုးများရှိကြောင်း၊ ထို့ကြောင့် အင်ပို့စားအုန်းဆီကုန်သွယ်မှု လျော့ကျစေရန် ကုန် သွယ်ခွန်ကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်စေဖို့ ပြင်ဆင်ချက်အဆို တင်ရခြင်းဖြစ်ကြောင်းလည်း ရှင်းပြခဲ့ သည်။

နိုင်ငံခြားငွေ အလဟဿဖြစ်ခြင်း၊ ပြည်တွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းများကို ထိခိုက်စေခြင်း၊ အလုပ်လက်မဲ့ ပြဿနာများ ပေါ်ပေါက်ပြီး ထုတ်လုပ်မှုပမာဏ လျော့ကျစေခြင်းများအပြင် အခြား ဘေးထွက်ဆိုးကျိုးဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ကုရခက်သော ရောဂါဆိုးများသည် လည်း အရည်အသွေးမမီသည့်ဆီများကြောင့် ဖြစ်ရကြောင်း ဒေါ်တင်နွယ်ဦးက ပြောသည်။

“အမှန်ကတော့ ဈေးနှုန်းကို ကြည့်စရာမလိုဘူး။ ကျန်းမာရေးကိုပဲ ကြည့်သင့်တယ်။ အင်ပို့စားအုန်းဆီတွေက ဈေးသက်သာတော့ ဆင်းရဲတဲ့သူတွေက အဲဒီဆီကိုပဲ စားကြရတာ။ တကယ်လို့သာ ကုန်သွယ် နှုန်းကိုမြှင့်လိုက်လို့ စားအုန်းဆီတွေ ဈေးတက်သွားရင် အရင်က တစ်ပိဿာစားရာက ၅၀ ကျပ်သားပဲ စားတော့မှာ၊ အခုလို အခွန်နှုန်းမတက်ဘူးဆိုရင် ဒါကိုပဲ ခွပြီး အ၀စားကြဦးမှာ။ စားကြတော့ သွေးတိုး၊ နှလုံး ဆီးချို စတာတွေနဲ့ အသက်တိုကုန်ကြတယ်”ဟု ၎င်းက ပြောသည်။

ပြည်သူလူထုအများစုတို့သည် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ မလုပ်နိုင်ကြကြောင်း၊ ရောဂါ ဖြစ်စေသော အရည်အသွေးမမီသည့် အင်ပို့စားအုန်းဆီများ လျှော့စားခြင်းသည် ကြိုတင်ကာကွယ်ရာ လည်းကျကြောင်းလည်း ၎င်းက ပြောသည်။

No comments: