Wednesday, March 12, 2014

မြက်ခြောက်များ မီးရှို့နေစဉ် အမျိုးသားတစ်ဦးသေဆုံး

ဇော်ဇော်ထွေး

မင်္ဂလာဒုံမြို့နယ်တွင် မြက်ခြောက်များကို အလုပ်သမား ၂ ဦး မီးရှို့ ရှင်းလင်းကြရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမားတစ်ဦး သေဆုံးမှု မတ်လ ၉ ရက်ညနေက ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မီးလောင်မှုမှာ သင်္ဃန်းကျွန်းကြီး ကျေးရွာအနီး အမှတ် (၃)လမ်းဘေးရှိ စီးမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးဝန်းအတွင်း မွန်းလွဲ ၂ နာရီကျော်ချိန်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခြံဝန်းအတွင်းရှိ မြက်ခြောက်များအား ရှင်းလင်းရန် ငှားရမ်းထားသည့် သင်္ဃန်းကျွန်းကြီးကျေးရွာနေ ဦးကျော်ဦး (၃၁)နှစ်နှင့် ဆန်းမင်းထွန်း တို့နှစ်ဦးမှာ မြက်များအား မြက်ဖြတ်စက်ဖြင့် ဖြတ်ရာတွင် မနိုင်သဖြင့် မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထို့ကြောင့် မီးများမှာ ပြန်လည် ငြိမ်းသတ်နိုင်ခြင်းမရှိဘဲ လောင်ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ်က တပ်ဖွဲ့ဝင် (၂၇ ဦးနှင့်အတူ သွားရောက် ငြိမ်းသတ်ခဲ့ရသည်။

ထို့နောက် မီးလောင်ပြင်အနီး ခြံစည်းရိုးအစပ်တွင် လူတစ်ဦးမှာ မီးလောင်သေဆုံးလျက် တွေ့ရှိခဲ့သည့်အပြင် ၄င်း၏ ညာခြေထောက်နှင့် (၁) ပေခန့် အကွာတွင် အရှည် (၂) ပေရှိ မြွေပွေးတစ်ကောင်ကို သေလျက် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သေဆုံးသူမှာ မြက်ခြောက်များ ရှင်းလင်းခဲ့သည့် ဆန်းမင်းဦးဆိုသူ ဖြစ်ပြီး မြက်ခြောက်များကို မီးရှို့ ရှင်းလင်းရာတွင် မီးမနိုင်တော့သဖြင့် ရေဖြင့်ငြိမ်းသတ်ကြစဉ် လူကွဲသွားခြင်းဖြစ်သည်ကို ကိုကျော်ဦးဆိုသူက ထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထို့ကြောင့် သေဆုံးသူအလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ် စစ်ဆေးလျက်ရှိပြီး မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် သေဆုံးသူ ဆန်းမင်းထွန်းနှင့်ကျော်ဦးတို့အား အရေးယူပေးရန် မြို့နယ် စခန်းမှူးဖြစ်သူ ဒုရဲမှူးဝင်းမြင့်က တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၁၁၄/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က တို့ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူ ကိုကျော်ဦးကို စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: