Thursday, March 20, 2014

သီလ၀ါတွင် ရင်းနှီးမြှုပ်နှံမည့် ဂျပန်လုပ်ငန်းရှင်များ လုပ်သား အခက်အခဲဖြစ်မည်ကို စိုးရိမ်

လပြည့်ဝန်း

သီလ၀ါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံ လာရောက်လေ့လာသည့် ဂျပန်စီးပွားရေးကိုယ်စားလှယ် ၁၀၀ ခန့်တွင် အထူးသဖြင့် အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံသွားရန်ရှိသည်ဟု သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ကူညီပေးနေ သည့် JETRO အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ Mr. Masaki Takahara က မတ် ၁၈ ရက်တွင် ပြုလုပ်သော သီလ၀ါအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲအပြီးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အခုလက်ရှိတော့ အစိုးရစက်ရုံတွေပဲ ရှိသေးတယ်။ ဂျပန်က အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ကားကုမ္ပဏီတွေက သီလ၀ါအထူးစီးပွားရေးဇုန်ကို စိတ်ဝင်စားမှု အများဆုံး ရှိနေတယ်ဆိုတာကို တွေ့ရတယ်။ အဲ့ဒါသာဖြစ်လာရင် မြန်မာနိုင်ငံမှာလည်း အလုပ်သမား တစ်ထောင် ကျော်လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားနိုင်မယ်လို့ ထင်တယ်။ ဒါပေမဲ့ မြန်မာလုပ်သား ရရှိမှုနဲ့ပတ်သက်လို့တော့ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းရှင်တွေက အထူးစိုးရိမ်နေတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ ဂျပန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့များသည် သီလ၀ါအထူးစီးပွားရေးဇုန်နှင့် သီလ၀ါဆိပ်ကမ်းသို့ မတ် ၁၈ ရက်နေ့တွင် လေ့လာခဲ့ပြီး မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ(MJTD) နှင့် မတ်၁၉ ရက်တွင် စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲတစ်ရပ်ကို ထပ်မံကျင်းပသွားမည်ဖြစ်သည်။

မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ Mr. Takashi Yani က “မြန်မာနိုင်ငံက ထုတ်ပြန်ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကိုတော့ လိုက်နာနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံရေးမှာ အဓိကဖြစ်တဲ့ အခြေခံအဆောက်အအုံကိစ္စ၊ လျှပ်စစ်မီး၊ ရေမလုံလောက်မှုတွေ၊ အလုပ်သမားရရှိမှုတွေနဲ့ ပတ်သက် လို့တော့ အခက်အခဲရှိနေတယ်။ အဓိကကတော့ အလုပ်သမားပြဿနာပေါ့။ တကယ်တမ်း ရင်းနှီးမြှုပ်နှံတဲ့ အခါမှာ အလုပ်သမားမလုံလောက်ရင်တော့ အစိုးရနဲ့ ညှိနှိုင်းရမှာပေါ့”ဟု ပြောသည်။

လက်ရှိတွင် သီလ၀ါအထူးစီးပွားရေးဇုန်၌ ဂျပန်နှင့် ဟောင်ကောင်မှ စက်ရုံ ၁၇ ခု ရင်းနှီးမြှုပ်နှံထားပြီး စက်ရုံတည်ဆောက်မှုကို ၂၀၁၄ ခုနှစ်မေလတွင် စတင်နိုင်မည်ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် မေလပိုင်းတွင် လုပ် ငန်းစတင်နိုင်မည်ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လက်ရှိစာရင်းများအရ လုပ်ငန်းရှင် ၅,၀၀၀ ဦးမှ ကျပ်သိန်းပေါင်း ခုနစ် သိန်းကျော် ရင်းနှီးမြှုပ်နှံထားသည်ဟု ဆိုသည်။

No comments: