Wednesday, March 19, 2014

စီဒီအမ်အေ ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ်လေးသောင်း ၀န်းကျင်အထိ ကျဆင်း

စ,ချိုကို

ပြင်ပဖုန်းဆိုင်များတွင် စီဒီအမ်အေ ဖုန်းဆင်းမ်ကတ်များ ပေါက်ဈေးကျပ် လေးသောင်းအထိ ကျဆင်းလာသည်ဟု ပြည်တွင်းဖုန်းဆိုင် အများစုက ပြောသည်။

စီဒီအမ်အေ ဆင်းမ်ကတ်များ ဈေးနှုန်း ကျပ်လေးသောင်းအထိ ကျဆင်းလာသော်လည်း ဂျီအက်စ်အမ် ဆင်းကတ်ဈေးနှုန်းများမှာ ကျပ်ရှစ်သောင်းမှ တစ်သိန်းဝန်းကျင်အထိ ရှိနေသေးကြောင်း Today မိုဘိုင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေလင်းထွန်းက ပြောသည်။

ဦးနေလင်းထွန်းက “စီဒီအမ်အေ ဆင်းမ်ကတ်က ပြင်ပဈေးကွက်မှာ ဈေးကျလာပေမယ့် ဂျီအက်စ်အမ်က ကျပ်တစ်သိန်း ၀န်းကျင်အထိ ရှိနေသေးတယ်။ ရောင်းအား အနေအထားအရ စီဒီအမ်အေ ဆင်းမ်ကတ်က ရောင်းအား ပိုကောင်းနေတယ်။ ဟန်းဆက်ဆိုရင်လည်း စီဒီအမ်အေ ဟန်းဆက်တွေက ရောင်းအား သွက်နေတုန်းပဲ” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၃ ခုနှစ် ဧပြီလက စတင်ပြီး ကျပ် ၁၅၀၀ တန် GSM ၊ WCDMA နှင့် စီဒီအမ်အေ ဆင်းမ်ကတ်များကို တစ်လလျှင် သုံးသိန်းခွဲအထိ လစဉ်ချထားပေးလျက် ရှိသည်။ သို့ သော် ဆင်းမ်ကတ်များကို ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မဲဖောက်ကာ ၀ယ်ယူရသည့် ပုံစံမျိုးဖြစ်ပြီး ပြင်ပ ဈေးကွက်တွင် ၎င်းဆင်းမ်ကတ်များကို ကျပ် တစ်သိန်းဝန်းကျင်ဖြင့် ပြန်လည်ရောင်းချ နေသည်။

ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သော အူရီးဒူးနှင့် တယ်လီနောတို့က လာမည့် ဇူလိုင်နှင့် အောက်တိုဘာလ များတွင် ဂျီအက်စ်အမ်ဆင်းမ်ကတ်များ စတင်ရောင်းချနိုင်မည်ဟု ပြောကြားထားရာ အချိန်ကာလ နီးကပ် လာသည့်အတွက် ဈေးကွက်အတွင်းရှိ ဆင်းမ်ကတ်ဈေးနှုန်းများ ကျဆင်းလာခြင်း ဖြစ်သည်ဟုလည်း အရောင်းဆိုင်များက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စီဒီအမ်အေ ဆင်းမ်ကတ်ဝယ်ယူခဲ့သူ တာမွေမြို့နယ်နေ မဝေမာက “စီဒီအမ်အေ ဆင်းမ်ကတ်တွေ ဈေးကျတယ်ဆိုလို့ စုံစမ်းတာ ဈေးနှုန်းက ကျပ်လေးသောင်း ငါးသောင်းအထိ ရှိနေသေး တယ်။ ဆင်းမ်ကက်ကို ၀ယ်တဲ့အခါမှာလည်း ဆိုင်မှာ ဆင်းမ်ကတ်က တစ်ခုပဲရှိလို့ နံပါတ်ရွေးချယ် ၀ယ် ယူလို့ မရပြန်ဘူး” ဟု ဆိုသည်။

၂၀၁၄ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ခုနစ်သန်းကျော် အထိရှိပြီး အိမ် ထောင်စု တစ်စုလျှင် ဖုန်းတစ်လုံး အသုံးပြုနိုင်ခြင်း မရှိသေးပေ။

No comments: