Wednesday, March 12, 2014

တောင်ဒဂုံမှ သံနန်းဆွဲစက်ရုံမီးလောင် အမျိုးသားနှစ်ဦး ဒဏ်ရာရ

နန်းမြင့်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၃ ရပ်ကွက် ရွှေတောင်ကြား ၅ လမ်း၊ အမှတ် ၁ဝ၉ဝ ပေရှိ အေးရတနာ (သံနန်းဆွဲစက်ရုံ) သည် မတ်လ ၁ဝ ရက် နံနက် ၂ နာရီ ခန့်က မီးလောင်ခဲ့ပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်ဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုစက်ရုံမှာ ပိုင်ရှင် ဦးခင်မောင်လွင်၏ အေးရတနာ(သံနန်းဆွဲစက်ရုံ)ဖြစ်ပြီး၊ အကျယ်အဝန်း ၂ဝx၅ဝပေ၊ သွပ်မိုးအုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်တိုက်၏ အောက်ထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက “စက်ရုံမှာ သွယ်တန်းထားတဲ့ ဝါယာကြိုးတွေ ဆွေးမြေ့နေပြီ။ အပူလွန်ပြီး ပေါက်ပြဲပြတ်ကျရာကနေ အောက်မှာရှိတဲ့ လွှစာမှုန့်တွေကို မီးကူးစက်တာက မီးလောင်ခဲ့တာ” ဟု ပြောသည်။

ယင်းမီးလောင်မှုကြောင့် အဆောက်အဦးနှင့် အတွင်းပစ္စည်းများမီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၁ သိန်းဖိုးခန့်ရှိခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းဦး၏ ညာပခုံးပေါ်သို့ အုတ်နံရံပြိုကျသဖြင့် ညာဘက်လက်ဒဏ်ရာရရှိပြီး အုန်းခွံအမှုန့်ကြိတ်အလုပ်သမား ကိုလှမင်းကို အသက် ခန္ဓာကိုယ်မီးဟပ်ခံခဲ့ရသည်။

ယင်းမီးလောင်ရာသို့ စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် ၂၃ စီး၊ ကွပ်ကဲမှုယာဉ် သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၄၅ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၇၃ ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၂ ဦးတို့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၅၆ မိနစ်တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် စက်ရုံပိုင်ရှင် ဦးခင်မောင်လွင်အား ဒဂုံမြို့သစ်တောင်းပိုင်မြို့နယ်ရဲစခန်းမှ ပ-၂၁ဝ/၂ဝ၁၄/ ပုဒမ-၂၈၅ဖြင့် အရေးယူထားကြောင်း သိရသည်။

No comments: