Saturday, March 15, 2014

သတင်းထုတ်ပြန်ချက် ကန့်သတ်ခြင်း အစိုးရ ဂုဏ်သိက္ခာပါ ထိခိုက်လာစေနိုင်

ဇော်ဇော်ထွေး

ရန်ကုန်တိုင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်မှုအပေါ် ကန့်သတ်လိုက်ခြင်းသည် သက်ဆိုင်ရာဌာန သာမက၊ ၀န်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေနိုင်သည်ဟု စာနယ်ဇင်း ဆရာများက မတ်လ ၁၃ ရက်တွင် ဝေဖန်ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့က ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှစ၍ မှုခင်းသတင်းများထုတ်ပြန်ပေးမှုကို မဇ္ဈိမ သတင်းစာအပါအ၀င် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များအပေါ် အကြောင်းပြချက်မရှိဘဲ သတင်းထုတ် ပြန်ပေးမှုကို ကန့်သတ်ခြင်းကို ဝေဖန်ခြင်းဖြစ်သည်။

“သတင်းတွေ ထိမ်ချန်မှု၊ မထုတ်ပြန်မှုဟာ မရိုးမသားလုပ်နေတယ်လို့ သံသယဖြစ်စရာ ကောင်းသွားနိုင် ပါတယ်” ဟု စာနယ်ဇင်းကောင်စီ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက ဆိုသည်။

ထို့ကြောင့် မီဒီယာများက ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ယူထားသည့် ရဲမှူးမြင့်ထွေးကို သတင်းများ ကန့်သတ်ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ပေ။

ထို့နောက် မတ်လ ၁၂ ရက်တွင် မီဒီယာများက ထပ်မံတွေ့ဆုံခွင့်တောင်းခံခဲ့ရာတွင် တွေ့ဆုံခြင်းမပြုဘဲ သတင်းများမှာ ရဲလုပ်ငန်းစဉ်များရှိနေသည့်အတွက် မှုခင်းသတင်းဖြစ်သမျှအားလုံးကို ထုတ်ပြန်မပေးနိုင် ကြောင်းနှင့် လက်ရှိထုတ်ပြန်ပေးသောသတင်းများကိုသာ ရေးသားဖော်ပြနိုင်သည်ဟု ၎င်းလက်အောက် ရှိ ဒု-ရဲမှူးမှတစ်ဆင့် မီဒီယာများသို့ အကြောင်းပြန်ကြားခဲ့သည်။

သို့သော်လည်း နေ့စဉ်ဖြစ်ပေါ်နေသည့် မှုခင်းသတင်းအချက်အလက်များကို အစိုးရပိုင်မီဒီယာများ၊ ရဲအ သိုင်းအ၀ိုင်းနှင့်နီးစပ်သည့် မီဒီယာများတွင် မှုခင်းသတင်းဖြစ်စဉ် အစအဆုံးရရှိထားသည့် အထောက်အ ထားများ တွေ့ရှိနေရသည်။

ထို့အပြင် အဆိုပါမီဒီယာများတွင် ပုဂ္ဂလိကမီဒီယာများ မရရှိသည့် သတင်းများကိုပါ ဖော်ပြနေသည့် အထောက်အထားများ တွေ့ရှိနေရသည်ဟုလည်း မှုခင်းသတင်းထောက်တချို့က ပြောသည်။

“တချို့မီဒီယာကို ပေးပြီး၊ တချို့ကို မပေးဘူးဆိုတာ ပြဿနာရှိပါတယ်။ ဒါက ခွဲခြားဆက်ဆံတာဖြစ်သွား ပါပြီ။ ခွဲခြားဆက်ဆံတာမျိုး လုပ်လို့မရပါဘူး၊ ဒါမျိုးလုပ်ရင် လုပ်တဲ့သူမှာ တာဝန်ရှိပါတယ်”ဟု ဦးကျော် မင်းဆွေက ဆိုသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့သည် မှုခင်းသတင်းကန့်သတ်ရခြင်းသည် တပ်မတော်မှကျူးလွန်သည့် အမှုအခင်း များ၊ အစိုးရဌာနဆိုင်ရာများနှင့်ပတ်သက်သည့် အမှုအခင်းများ ရဟန်းသံဃာများနှင့်ပတ်သက်သည့် အမှုအခင်းအများအပြင် ဘာသာရေးလူမျိုးရေးပါဝင်သည့် သတင်းများကိုလည်း ဖော်ပြန်နိုင်ခြင်းမပြုနိုင် ရန် ထိန်းချုပ်ထားခြင်းဟု မီဒီယာများကို ပြောထားသည်။

“ဒီလိုသတင်းတွေက လျှို့ဝှက်ထားရမယ့်အရာ မဟုတ်ပါဘူး။ နိုင်ငံတော်ကြီး ထိခိုက်သွားမယ့်ဟာ မဟုတ်ဘူး၊ သတင်းကို သတင်းလိုပဲ ထုတ်ပြန်ပေးရမှာ သူတို့တာဝန်ပဲဖြစ်တယ်။ အဲဒါကို တိုင်းပြည်ဆူပူ မှုမဖြစ်အောင်၊ အကြမ်းဖက်မှုမဖြစ်အောင်၊ မုန်းတီးမှုတွေမဖြစ်အောင် ရေးရမှာက သတင်းဌာနတွေရဲ့ တာဝန်ပါ”ဟု ဆောင်းပါးများရေးသားနေသူ စည်သူအောင်မြင့်က ဆိုသည်။

မှုခင်းသတင်းများ ကန့်သတ်ထုတ်ပြန်နေမှုများနှင့်ပတ်သက်၍ မေးမြန်းရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲမှူးကြီးဝင်းနိုင်အား မတ်လ ၁၂ ရက်က သတင်းမီဒီယာများက တွေ့ဆုံခွင့်တောင်းခံသော်လည်း အစည်းအဝေးများရှိနေသည်ဟု ၎င်း၏ကိုယ်ရေးအရာရှိက အကြောင်းပြန်ခဲ့ပြီး တွေ့ဆုံခွင့်မရရှိခဲ့ကြပေ။

လက်ရှိ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် နေ့စဉ် အမှုအခင်းပေါင်း ပျမ်းမျှ အနည်းဆုံး ၂၀ ကျော်ခန့်မှ ၅၀ ကျော်အထိ ဖြစ်ပွားလျက်ရှိပြီး မီဒီယာများသို့ အမှုအခင်း အနည်းဆုံး သုံးမှု၊ ငါးမှုအတွင်းသာ ထုတ်ပြန် ပေးလျက်ရှိသည်။

No comments: