Friday, March 14, 2014

အစိုးရတပ်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော်တို့ တိုက်ပွဲပြန်ဖြစ်

ဖနိဒါ

ရှမ်းပြည်တိုးတက်ရေးပါတီခေါ် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA နှင့် အစိုးရတပ်ဖွဲ့များ ရှမ်း ပြည်နယ် ကျေးသီးမြို့နယ်၊ ပန်စယ်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက် နံနက် ၈ နာရီမှ ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ၂၄၇ တပ်ဖွဲ့က ယာဉ်တန်း ၃၀ ခန့်ဖြင့် SSPP/ SSA ၏နယ်မြေသို့ ၀င်ရောက်လာသဖြင့် ၀မ်ဟိုင်းဌာနချုပ် လုံခြုံရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

“ဖြစ်တာက နှစ်ဖက်စခန်းကနေပြီးတော့ အဲဒီကျေးသီးလမ်းကြောင်းမှာ သူတို့ သွားနေကြလေ။ ခါတိုင်း သွားတာက သူတို့ လမ်းဖြောင့်အတိုင်း သွားတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့တပ်နဲ့ တိုးတာပေါ့။ ယာဉ်တန်း ၃၀ ခန့်နဲ့ ကျွန်တော်တို့ ၀မ်ဟိုင်းအပြင်စည်း လုံခြုံရေးတပ်တွေနဲ့ ဖြစ်တာ”ဟု ဗိုလ်မှူးစိုင်းလှ က ပြောသည်။

“ကျွန်တော်တို့က အဲဒီဘက်မလာနဲ့၊ လာရင်တော့ တိုက်ပွဲဖြစ်မယ်လို့ ပြောတယ်။ ဖြစ်တာက တပ်နယ် မြေကိစ္စတွေပါ။ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဂဃနဏ မဆွေးနွေးရသေးတော့ အဲဒီပြဿနာတွေဖြစ်တာ ပါ”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲအတွင်း SSPP/SSA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း၊ အစိုးရစစ်တပ်ဘက်မှ ကျဆုံးမှု ရှိမရှိကို မူ စိစစ်နေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း နှစ်ဖက် တိုက်ပွဲ များဖြစ်ပွားခဲ့ပြီးနောက် SSPP/SSA ၏ မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စုရှိ တာဆန်ပူး (ကူတို့ဆိပ်) တပ်စခန်းကို အစိုးရစစ်တပ်ကသိမ်းပိုက်ခဲ့သော်လည်း အစိုးရစစ်တပ် အခြေချခြင်းမရှိသေးကြောင်း ဗိုလ် မှူးစိုင်းလှက ပြောသည်။

တာဆန်ပူး (ကုတို့ဆိပ်) တပ်စခန်းအနီးတွင် ခနောက်စိမ်းသတ္တု တူးဖော်မှုများရှိသဖြင့် SSPP အတွက် စီးပွားရေးလည်း ထိခိုက်မှုရှိနိုင်သည်ဟု SSPP မှ တပ်ပေါင်းစုရေးရာ၏ ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီးပိန်ဖ က ယခင်က မဇ္ဈိမကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်မှစတင်၍ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲအခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်(ရလခ)မှ အစိုးရ၏ စစ်တပ်အင်အား ၁,၀၀၀ ကျော်အား မိုင်းရှူး၊ မိုင်းဟန်ဘက်သို့ အင် အားတိုးမြှင့်လာသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးပိန်ဖက ပြောဆိုခဲ့ သည်။

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလအတွင်းက အစိုးရနှင့် SSPP/SSA တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

No comments: