Thursday, March 13, 2014

ပြည်တွင်း နည်းပညာအခက်အခဲများကို ပညာရှင် ၅၀ က ၄၈ နာရီအတွင်း ဖြေရှင်းသွားမည့် Hackathon စတင်မည်

မောင်မန်း

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Hackathon ပွဲကို မတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါHackathon ပွဲတွင် ပညာရှင်အယောက် ၅၀ က မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသည့် နည်းပညာ အခက်အခဲများကို ရှင်းလင်းအဖြေရှာသွားမည် ဖြစ်သည်ဟု အဆိုပါပွဲကို အထောက်အပံ့ပေးသည့် အူရီးဒူး ကုမ္ပဏီက မတ် ၁၂ ရက်တွင် ထုတ်ပြန်ကြေငြာသည်။

မြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရသည့် နည်းပညာ အခက်အခဲများကို NGO များက မတ်လ ၁၄ ရက်တွင် တင်ပြသွားမည်ဖြစ်ပြီး MIDO ၊ Proximity Design ၊ PSI Myanmar နှင့် Marie Stopes International တို့က အခက်အခဲများကို တင်ပြဆွေးနွေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Code for Change Myanmar ကို စတင် တည်ထောင်သူ နှင့် အကြီးတန်း မဟာဗျူဟာ အကြံပေး အရာရှိ Mr. David Madden က “Code for Change Myanmar ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မြန်မာပြည် မှာ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲ အချို့ကို နည်းပညာ သုံးပြီး ဖြေရှင်းနိုင်ဖို့ပဲဖြစ်ပါတယ်။

မြန်မာနည်းပညာ နယ်ပယ်သားကသူတွေ သိပ်လုပ်လေ့လုပ်ထမရှိသေးတဲ့ အရေးတကြီး ကိစ္စတွေကို စုပေါင်းအဖြေရှာနိုင်ဖို့ Hackathon ပွဲတွေက အခွင့်အလမ်းတွေ ဖန်တီးပေးပါတယ်” ဟု ပြိုင်ပွဲကျင်းပရခြင်း အကြောင်းပြောသည်။

Hackathon ပွဲများက နည်းပညာရှင်များ မတွေးမမြင်နိုင်သည့် ပြဿနာများအား တွေ့ကြုံပြီး ဖြေရှင်းနိုင်မည်ဖြစ်သောကြောင့် ပြဿနာရပ်များကို ပိုမိုဖြေရှင်းနိုင်ပြီး အကျိုးအမြတ်ကောင်းများရရှိနိုင်မည်ဖြစ်သည်ဟု MIDO မှ ကိုနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။

ကိုနေဘုန်းလတ်က “ နည်းပညာတွေ ၊ ပညာရှင်တွေလည်းရှိတယ်။ ပြဿနာတွေကလည်း ရှိနေတယ်။ နည်းပညာရှင်တွေက ပြဿနာတွေကို မမြင်နိုင်တာမျိုးရှိတယ်။ ဒီလိုပွဲတွေလုပ်ခြင်းအားဖြင့် ပညာရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ခွင့်ရတယ်။ ပညာရှင် အချင်းချင်းလည်း ထိတွေ့ခွင့်ရတယ်။ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ဖို့ ဖြစ်တဲ့အတွက် အကျိုးအမြတ်ကောင်းတွေ ရလာမှာပါ။ ” ဟုဆိုသည်။

Code For Change Myanmar အမည်ဖြင့်ကျင်းပမည့် အဆိုပါ Hackathon ပွဲသည် မြန်မာနိုင်ငံ၏ ပထမဆုံး Hackathon ပွဲဖြစ်ပြီး အဆိုပါပွဲမှ နည်းပညာရပ် အခက်အခဲများကို ပညာရှင်များက ၄၈ နာရီ (နှစ်ရက်)အတွင်း ဖြေရှင်းပေးသွားမည်ဖြစ်သည်။

အဆိုပါပွဲတွင် ရောဂါဘယဘေးများ နှင့် ပိုးမွှားများကျရောက်ခြင်းအား မိုဘိုင်းဆက်သွယ်ရေးနည်းပညာဖြင့် တောင်သူလယ်သမားများထံ ကြိုတင်အကြောင်းကြားနိုင်ရန် ၊ HIV/AIDS ပျံ့နှံ့နှုန်းအား နည်းပညာအသုံးပြုပြီး ဟန့်တားနိုင်စေရန်၊ ပညာပေး ဗွီဒီယိုများကို မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် ဘာသာ စကားများသို့ ဘာသာပြန်ပေးနိုင်ရန် စသည့် အခက်အခဲများကို ဖြေရှင်းသွားမည်ဖြစ်သည်။

No comments: