Wednesday, March 12, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက KDDI နှင့်ပူးပေါင်းရန် ဧပြီလအတွင်း အပြီးသတ်ဆွေးနွေးမည်

စ, ချိုကို

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီများ ဖြစ်သည့် KDDI၊ Sumitomo Corporation နှင့် ပူးပေါင်း ရန်အတွက် ၂၀၁၄ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်ဆွေးနွေးသွားရန်ရှိသည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က မတ်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

KDDI နှင့် ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဧပြီလအတွင်း အပြီးသတ်ဆွေးနွေးမှုများ မပြုလုပ်နိုင်ပါက အခြား အော်ပရေတာတစ်ခုနှင့် ထပ်မံဆွေးနွေးသွားရမည် ဟုလည်း ၎င်းကဆိုသည်။

ဦးသန်းထွန်းအောင်က “လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလောက်က စတင်ဆွေးနွေးနေတာဖြစ်ပြီး အချိန်ကာလ သုံးလအတွင်း အပြီးသတ်ဆွေးနွေးသွားဖို့ရှိတယ်။ သုံးလပြည့်ပြီး ဧပြီလလောက်မှာ အပြီးသတ် မဆွေး နွေးနိုင်ရင် တခြားအော်ပရေတာနဲ့ ဆက်လက်ဆွေးနွေးသွားမှာပေါ့။ ဒါပေမဲ့ KDDI နဲ့က အပြီးသတ် အခြေအနေလောက်ရှိနေပါပြီ”ဟု ပြောသည်။

ထိုသို့ဆွေးနွေးမှုများတွင် မြန်မာ့ဆက်သွယ်ရေးလက်အောက်ရှိ မိုဘိုင်းဌာန၊ စာတိုက်လုပ်ငန်း၊ အော်တို တယ်လီဖုန်း လုပ်ငန်းစသည့် ဌာနများအားလုံးနှင့် ပူးပေါင်းနိုင်ရန်အတွက် အသေးစိတ်ဆွေးနွေးမှုများ ပြု လုပ်ရဖွယ်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြု ပြင်ပြောင်းလဲရေးများ ပြုလုပ်ရာတွင် ဈေးကွက်ယှဉ်ပြိုင်မှုများ ၀န်ထမ်း များ၏ Human Resource ဆိုင်ရာများတွင်များစွာ အခက်အခဲရှိလာနိုင်သည်ဟု ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က သုံးသပ်ပြောကြားသည်။

ဦးကျော်နိုင်က “အခြားအော်ပရေတာတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ရာမှာလည်း အခက်အခဲတွေ အများကြီးရှိ လာနိုင်တယ်”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ထမ်းများကို အသွင်ကူးပြောင်းရေးတွင် လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့် သင်ကြားရေးအတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေဒေါ်လာ ၃၁ ဒသမ ၅ သန်းထဲမှ ဒေါ်လာ နှစ်သန်းကို အသုံး ပြုရန်လျာထားသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးသောင်းတင်က ၂၀၁၃ ဇူလိုင်လအတွင်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ၀န်ကြီးဌာနနှင့် မသက်ဆိုင်သော စီးပွားရေးလုပ်ငန်းစုတစ်ခုအဖြစ် ပြောင်းလဲရပ်တည်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အများပိုင်အဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်များ ကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင်ထုတ်ပြန်ကြေညာထားပြီး နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု များ ပြုလုပ်နိုင်သောMobile Roaming အတွက် ပြင်သစ်နိုင်ငံအခြေစိုက်Orange ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင်လျက်ရှိသည်။

No comments: