Tuesday, March 18, 2014

NBFပါတီနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ယနေ့တွေ့ဆုံမည်

နန်းလွင်နှင်းပွင့်

ငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးနိုင်ရန် ဆောင် ရွက်နေမှုများကို ဆွေးနွေးရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)ပါတီတို့ မတ်လ ၁၇ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC)တွင် တွေ့ဆုံမည်ဟု NBFပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြင့်က မဇ္ဈိမကို ပြောသည်။

MPCဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆက်စပ်ဆွေးနွေးမည်ဟု ဖိတ်ကြားလာခြင်းဖြစ်သည်ဟု ဦးစောမြင့်ကဆိုသည်။

“ဒါက ပထမဦးဆုံးအကြိမ်တွေ့ဆုံတာပဲ။ ငြိမ်းချမ်းရေးကိစ္စကို ဆွေးနွေးမယ်ဆိုတော့ အန်ကယ်တို့ပါတီက တိုင်းရင်းသားပါတီမို့ တိုင်းရင်းသားတွေနဲ့ နီးစပ်လို့လား။ နောက်တစ်ခုက NCCT နဲ့ တွေ့တုန်းက MPC ကို မယုံကြည်ဘူး ပြောခဲ့လို့လား။ သေချာ မသိဘူး" ဟု ၎င်းက ပြောသည်။

NBF နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ မတ်လ ၁၁ ရက်က တွေ့ဆုံခဲ့စဉ် MPCကို ယုံကြည်မှုမရှိဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားမှုတွင် တတ်ရောက်ရန် NBF တွင် ပါဝင်သည့် ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ချင်း၊ ပလောင်၊ တအောန်း၊ အရှိုချင်း စသည့် တိုင်းရင်းသားပါတီအသီးသီးတို့မှ ခေါင်းဆောင် ၁၇ ဦးတို့ တတ်ရောက်ဆွေးနွေးမည်ဟု ဦးစောမြင့် က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ဝင် ဦးမင်းဇော်ဦးက အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) သို့ သွားရာတွင် အခက်အခဲမရှိစေရန် ကြိုတင်ခေါ်ယူဆွေးနွေးခြင်းဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

“အဓိကအချက်ကို ပြောရမယ်ဆိုရင်တော့ အပစ်ရပ်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုသွားကြမလဲ နိုင်ငံရေးပြဿနာတွေကို ဘယ်လို ညှိနှိုင်းဆောင်ရွက်ကြမလဲဆိုတာကို စတင်ဆွေးနွေးဖို့ပါ”ဟု ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နိုင်ငံရေး ပြဿနာ အသီးသီးတို့ကို ဖြေရှင်းနိုင်ရန် ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်မှာ ၂ဝ၁၂ ခုနှစ်မှ စတင်၍ အကြိမ် ၂၅ဝ ခန့် ရှိပြီဟု ဦးမင်းဇော်ဦးက ဆိုသည်။ တွေ့ဆုံသည့် ဆွေးနွေးမှုများတွင်လည်း ဒီမိုကရေစီစနစ်သို့ သွားရန် ညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

No comments: