Monday, March 10, 2014

NCCT နှင့် ၈၈တို့တွေ့ဆုံကာ သဘောတူညီချက် နှစ်ချက်ချမှတ်

အေးမြင့်စန်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ မတ်လ ၈ရက် ညနေ၆နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 စားသောက်ဆိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ မင်းကိုနိုင်က “ ပြည်ထောင်စု၏ အဓိကကျသော ဒီမိုကရေစီရဖို့ နက်ရှိုင်းတဲ့ဆွေးနွေးပွဲလေးတစ်ရပ် ပြုလုပ်ချင်ပါတယ်။ ဒီမိုကရေစီအရေးသည် တိုင်းရင်းသားများ အားလုံးက လိုလားတောင်းတတဲ့ သဘောဆန္ဒဖြစ်တာကြောင့် ပြည်ထောင်စုအတွက် အကျိုးရှိရာရှိကြောင်း ရလဒ်တွေရမယ်လို့ ထင်ပါတယ်"ဟုပြောကြားခဲ့သည်။

NCCTနှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံပွဲတွင် ၎င်းတို့ လက်ရှိ ရပ်တည်နေသည့် အနေအထားနှင့် ငြိမ်းချမ်းရေး လိုလားမှု၊ ကြိုးပမ်းမှု ဖြစ်စဉ်များကို ဆွေးနွေးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ၈၈မျိုးဆက်အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ကြရန်နှင့် နိုင်ငံရေး အင်အားစုများအားလုံးပါဝင်သည့် ပြည်ထောင်စု ညီလာခံ ပေါ်ပေါက်လာရန် အတွက် ဝိုင်းဝန်းအကောင်အထည်ဖော်ရန် ဆိုသည့် သဘောတူညီမှု ၂ ရပ်ကို ဆုံးဖြတ်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံပွဲတွင် NCCT(Nationwide Ceasefire Coordination Team) အဖွဲ့မှ နိုင်ဟန်ဆာ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ အထွေထွေ အတွင်းရေးမှူး ခွန်ဥက္ကာ၊ KNPP ကရင်အမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ကိုဆွေမျိုးသန့် ၊ ချင်းအမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာ ဆလိုင်းလျှံမုံး ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ ဗိုလ်မှူးကြီး ဆင်ဝါး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒေါ်စောမြရာဇာလင်းတို့ အပါအဝင် ၉ ဦးနှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ဌာန အသီးသီး၏ တာဝန်ခံများ တက်ရောက်ခဲ့သည်။

No comments: