Friday, March 14, 2014

ဂျပန် SMBC ဘဏ် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ရန် စောင့်ဆိုင်းနေဟုဆို

ထင်လင်းအောင်

ဂျပန်နိုင်ငံအခြေစိုက် ဆူမီတိုမိုမစ်ဆူ ဘဏ်လုပ်ငန်းအဖွဲ့အစည်း SMBC သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရရန် စောင့်ဆိုင်းနေလျက်ရှိပြီး ကုန်သွယ်ရေးဘဏ်လုပ်ငန်းနှင့် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို ပံ့ ပိုးသည့်လုပ်ငန်းများကိုသာ ဆောင်ရွက်မည်ဟု ယင်းအဖွဲ့အစည်း မြန်မာပြည်ကိုယ်စားလှယ်ရုံးမှ ကိုယ် စားလှယ်ချုပ် မစ္စတာရိုရှီယူကီမိုရီ (Mr Yoshiyuki Mori) က မီဒီယာများကို ပြောသည်။

Sumitomo Mistui Banking Corporation SMBC Bank သည် ချေးငွေထောက်ပံ့ရေးအစီအစဉ်အပြင် ဘဏ်စုငွေလက်ခံခြင်းများကို လုပ်ကိုင်လိုခြင်းမရှိဘဲ ပြည်တွင်းဘဏ်လုပ်ငန်းများ မထိခိုက်စေမည့် ဘဏ်လုပ်ငန်းများကိုသာ ဆောင်ရွက်မည်ဟု မတ်လ ၁၂ ရက်က မြန်မာနိုင်ငံဘဏ်များအသင်းရုံး၌ မီဒီ ယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

မစ္စတာရိုရှီယူကီမိုရီ(Mr Yoshiyuki Mori) က “SMBC Bank အနေနဲ့ ဘဏ်ခွဲဖွင့်လှစ်လိုက်လို့ ပြည်တွင်း ဘဏ်တွေ အခက်အခဲဖြစ်စေမယ့် စုငွေလက်ခံတာမျိုးကို လုပ်ဖို့မရှိပါဘူး။ ချေးငွေတွေ ထုတ်ပေးတာကို လဲ မလုပ်ပါဘူး။ ကုန်သွယ်ရေးဘဏ်လုပ်ငန်းနဲ့ မြန်မာပြည်က ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကို ပံ့ပိုးပေးတဲ့ အပိုင်းကိုပဲ အဓိကထား လုပ်ဖို့ရှိပါတယ်”ဟု ပြောသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသည် ပြည်တွင်းဘဏ်လုပ်ငန်းများထံမှ ချေးငွေရရှိရန်အတွက် ပေါင်နှံပစ္စည်းပြရန်နှင့် အတိုးနှုန်းမြင့်မားသည့် အခက်အခဲများစွာရှိခြင်းဖြစ်ရာ နိုင်ငံခြားဘဏ်လုပ်ငန်းများ ပြည်တွင်းသို့ဝင်ရောက်လုပ်ကိုင်ကာ ဆောင်ရွက်ပေးမည့်အခြေအနေများကို မျှော်လင့်နေရလျက်ရှိ သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “ပြည်တွင်းလုပ်ငန်းတွေရဲ့ အခြေအနေက ၀င်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ယှဉ်ဖို့မပြောနဲ့ အရမ်းကွာဟမသွားဖို့ကိုဘဲ လုပ်ငန်းအရည်အသွေး၊ နည်း ပညာလိုအပ်ချက်တွေဖြည့်ဖို့ အများကြီးလုပ်ရမှာ။ ဒါတွေလုပ်ဖို့ဆိုတာက အရင်းအနှီးပဲ။ အဲဒါကို ပြည် တွင်းဘဏ်တွေက ဖြည့်ပေးဖို့မဖြစ်နိုင်တော့ နိုင်ငံခြားဘဏ်လုပ်ငန်းတွေဝင်လာရင် ဖြစ်လာနိုင်မလားဆို တာ မျှော်လင့်နေရတာပဲ”ဟု မဇ္ဈိမကို ဇန်န၀ါရီလပိုင်းအတွင်းက ပြောထားသည်။

လက်ရှိတွင် နိုင်ငံခြားဘဏ်လုပ်ငန်းအများစုသည် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားခြင်းအ ဆင့်များသာ ရှိနေသေးသည်။ ဆက်လက်၍ မစ္စတာရိုရှီယူကီမိုရီ(Mr Yoshiyuki Mori)က “ဘဏ်ခွဲအ ဖြစ်ဖွင့်မယ့်အစီအစဉ်တွေက မြန်မာအစိုးရရဲ့ ဘယ်အဆင့်အထိ ခွင့်ပြုပေးမလဲ၊ ဘယ်တော့ဖွင့်ခွင့်ပေး မလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေပါတယ်။ SMBC Bank အနေနဲ့ကတော့ ပြည်တွင်းဘဏ်လုပ်ငန်းတွေ ထိခိုက်မှုမရှိတဲ့ ဘဏ်လုပ်ငန်းပုံစံတွေကို လုပ်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

SMBC Bank သည် မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ ဆာကူရာတာဝါ၌ ကိုယ်စားလှယ်ရုံးခွဲတစ်ခုအား ဖွင့်လှစ်ထားသည်။

No comments: