Friday, March 14, 2014

TNLA ထိန်းချုပ်နယ်မြေအတွင်း ဘိန်းအစားထိုးသီးနှံ ထောက်ပံ့မည်

ကြယ်ပြာ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ မူးယစ်တိုက်ဖျက်ရေးစီမံချက်အတွင်း ပါဝင်ခဲ့ သော ဘိန်းခင်းပိုင်ရှင်များကို အစားထိုးသီးနှံများ မေလတွင် ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က မတ် ၁၂ တွင် မဇ္ဈိမကို ပြောသည်။

အစားထိုးသီးနှံများအဖြစ် ပြောင်းဖူးနှင့် ပန်းနှမ်းမျိုးစေ့များကို ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း စိုက်ပျိုးလို သူများ၏တောင်းခံမှုအပေါ်မူတည်၍ အကန့်အသတ်မရှိ ထုတ်ပေးသွားမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ငွေ ပြန်ပေးလိုပါက ပေးနိုင်သည်ဟု ဆိုသည်။

“ငါးလပိုင်း ပြောင်းစိုက်ရာသီမှာ ပေးမှာပါ။ ၂၀၁၃ တုန်းက ဧက ၁,၀၀၀ လောက်ကို အစားထိုးသီးနှံ ပေး ခဲ့တယ်။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲက ဘိန်းခင်းတွေ ၉၀ ရာခိုင်နှုန်းလောက် ဖျက်ဆီးနိုင်လိုက် တော့ ခုနှစ်မှာ အစားထိုးသီးနှံစိုက်မဲ့လူတွေက ပိုများလာတယ်”ဟု မိုင်း အိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်(တအာင်း) ဒေသများတွင် ရှမ်း၊ တအာင်းနှင့် ကချင်လူမျိုးများ အများ စုနေထိုင်ကြပြီး အခြားတိုင်းရင်းသားများနှင့် တရုတ်လူမျိုးများလည်း ရှိကြသည်။ ဘိန်းစိုက်ပျိုးခြင်းနှင့်အ တူ ဘိန်းအစားထိုးသီးနှံများဖြစ်သော ပန်းနှမ်း၊ ပြောင်းဖူးနှင့် လက်ဖက်တို့ကိုလည်း စိုက်ပျိုးကြသည်။

TNLA သည် ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးဝါးနှိမ်နင်းခြင်းကို ငါးနှစ်တာစီမံကိန်းချမှတ်၍ ၂၀၁၃ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်က မန်တုံ၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်မြို့နယ် ဘိန်းစိုက်ဧကပေါင်း ၃,၀၀၀ ကျော်ကို ဖျက် ဆီးနိုင်ခဲ့ပြီး၊ ကျန်ရှိနေသေးသော နမ့်ဆမ်၊ မိုးမောက်၊မိုးမိတ်နှင့် မန်တုံမြို့နယ်တို့မှ ဘိန်းစိုက်ဧက၁,၀၀၀ နီးပါးကိုလည်း ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် ဖျက်ဆီးသွားမည်ဖြစ်သည်ဟု TNLA မှ ဒုဗိုလ်မှူးကြီးမိုင်း ဘုန်းကျော်က ဇန်န၀ါရီလကုန်ပိုင်းက မဇ္ဈိမကို ပြောသည်။

ပလောင်ဒေသတွင် မူးယစ်ဆေးဝါးပပျောက်အောင် အစိုးရကပြုလုပ်ပေးရန် ပလောင်ရဟန်းသံဃာတော် များအဖွဲ့နှင့် ဒေသခံမျာ ပူးပေါင်း၍ အင်အား ၇၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ပွဲကို ဇန်န၀ါရီ ၃ ရက်က နမ့် ခမ်းမြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဘိန်းများစိုက်ပျိုးနေခြင်းကို ပြည်နယ်အစိုးရနှင့် ပြည်ထောင် စုအစိုးရအဖွဲ့တို့က ပူးပေါင်း၍ဖြေရှင်းပေးရန်၊ အစိုးရက ပလောင်ဒေသအတွင်း ကျေးရွာများတွင် မူးယစ် ဆေးဝါးပပျောက်ရေး ဟောပြောပွဲများပြုလုပ်ပေးရန်၊ ဆေးစွဲနေသောလူငယ်များကို အစိုးရစရိတ်ဖြင့် ပြန် လည်ထူထောင်ရေးစခန်းများသို့ ပို့ဆောင်ပေးရန်၊ ကျေးရွာများတွင် မူးယစ်ဆေးဝါးမသုံးစွဲရေး ဟောပြော ပွဲများ ပြုလုပ်နေသော သံဃာတော်များ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် လုံခြုံရေးပေးရန် နှင့် ခြိမ်းခြောက်မှုပေးနေသော ပြည်သူ့စစ်ရဲဘော်များကို အစိုးရအနေဖြင့် ကာကွယ်ရေးသမားအဖြစ် သတ်မှတ်ထားသော အမြင်ကို ပြောင်းလဲပေးရန်ဆိုသော အချက်ငါးခုကို တောင်းဆိုထားခဲ့သည်။

ဘိန်းများ စိုက်ပျိုးနေမှုနှင့် လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာများကို ဖြေရှင်းပေးရန် ပလောင်ဒေသခံတို့က ၂၀၁၀ ခုနှစ်မှစ၍ အစိုးရထံ တိုင်ကြားစာများပို့ခဲ့ပြီး၍ တောင်းဆိုနေသော်လည်း လေးနှစ်ကျော်ကြာသည့်တိုင်အောင် တုံ့ပြန်မှုမရရှိသေးဟု ပလောင်ရဟန်းသံဃာတော်များအဖွဲ့အတွင်း ရေးမှူး ဥူးအာဓာရက မဇ္ဈိမကို မတ်လ ဒုတိယအပတ်အတွင်းက မိန့်သည်။

ပလောင်ဒေသများဖြစ်သော နမ့်ဆမ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ မန်တုံမြို့နယ်များမှ ရဟန်းသံဃာတော်များဖြင့် ဖွဲ့စည်းထားသော ပလောင်ရဟန်းသံဃာတော်များအဖွဲ့ သည် ၂၀၀၇ ခုနှစ်မှစတင်၍ ဒေသအတွင်း လှည့်လည်ပြီး မူးယစ်ဆေးဝါး သုံးစွဲစိုက်ပျိုးခြင်းမပြုလုပ်ရန် ဒေသခံများကို စည်းရုံးရေးများ ပြုလုပ်နေခဲ့သော အဖွဲ့ဖြစ်သည်။

No comments: