မင်းဇင်
“သမဂ္ဂ’’ ဆိုသည့် မြန်မာစကားလုံးသည် ပါဠိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ၊ ဂုဏ် သိက္ခာ အရ မယုံကြည်နိုင်လောက်အောင် တာသွားသည့် စကားလုံးဖြစ်သည်။ သမဂ္ဂဆိုသည်မှာ အသင်းအပင်း အဖွဲ့ အစည်း ကို ဆိုလိုခြင်းဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင်မူ သမဂ္ဂဆိုသည်ကို ကျောင်းသားသမဂ္ဂ၊ ၄င်း၏ စိတ်ဓာတ် နှင့် ၄င်း၏သင်္ကေတအဖြစ် ကာလရှည်ကြာစွာရှိခဲ့သော ခွပ်ဒေါင်းအလံတို့နှင့် အတူတွဲ၍ ထင်ထင်ရှားရှား မြင်တွေ့ နေရသည်။
၂၀ ရာစု အစောပိုင်း လွတ်လပ်ရေးလှုပ်ရှားမှုမှသည် ၁၉၈၀ နှစ်များနှောင်းပိုင်းမှ ဒီမိုကရေစီ လှုပ်ရှားမှုအထိ ကျောင်းသား သမဂ္ဂ သည် မြန်မာနိုင်ငံ၏ အုပ်စိုးသူများကို စိန်ခေါ်နိုင်ခဲ့သည်သာမက အမျိုးသားနိုင်ငံရေးအတွက် ခေါင်းဆောင်သစ် များ ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့တွင် လက်နက်မဲ့ ဆန္ဒပြကျောင်းသားများနှင့် သူတို့ကို ထောက်ခံသူများကို ရဲတပ်ဖွဲ့ က အကြမ်းဖက်နှိမ်နင်းသည့်အချိန်တွင် အလံကိုင်ထားသော ကျောင်းသားများကို ပထမဆုံး ဦးတည်တိုက်ခိုက်ခဲ့ပြီး သူတို့ လက်မှ ခွပ်ဒေါင်းအလံကို ရည်ရွယ်ချက်ရှိရှိ ခြေဖြင့်ဆောင့် နင်းခဲ့သည်မှာ စဉ်းစားစရာဖြစ်သည်။
ကျောင်းသားဆန္ဒပြပွဲများတွင် အထက်တန်း ကျောင်းသားများအပါအဝင် ထောင်နှင့်ချီသော ကျောင်းသားများက မြန်မာ နိုင်ငံ မြို့ကြီးများမှ ရန်ကုန် မြို့သို့ ဦးတည်ချီတက်လာခဲ့ပြီး ဦးဆောင်ကျောင်းသား တချို့သည် မိုင်ပေါင်း ရာနှင့်ချီ၍ လမ်း လျှောက် ခဲ့ကြသည်။ ကျောင်းသားသပိတ်သည်၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုခဲ့သော အမျိုးသား ပညာရေး ဥပဒေသစ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေက ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် ပညာရေး လွတ်လပ်ခွင့်ကို အတိအလင်း ကန့်သတ်တားမြစ်ထားသည်ဟု ကျောင်းသားများက ဆိုကြသည်။
ကျောင်းသားကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲ များဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် အငြင်းပွားဖွယ်ရာ ထိုဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် အစိုးရက သဘောတူညီခဲ့ပြီး အဆိုပြုထားသည့် ပြင်ဆင်မှုများနှင့် ပတ်သက်၍ လွှတ်တော် ကော်မတီတခုနှင့် အချေအတင် ဆွေးနွေးမှုများ စတင်ခဲ့သည်။ သို့သော်လည်း မတ်လ ပထမပတ်တွင် ကျောင်းသားများက ဆွေးနွေးပွဲများမှ နုတ်ထွက်သွားခဲ့သည်။ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းသည် ပဲခူးတိုင်း လက်ပံတန်းမြို့တွင် ရဲ တပ်ဖွဲ့ ၏တားဆီးပိတ်ဆို့ထားခြင်းကို ခံခဲ့ရသည်။
မတ်လ ၅ ရက်နေ့ လက်ပံတန်းတွင် ပိတ်ဆို့ခံ ထားရသည့် ကျောင်းသားများကို ထောက်ခံကြောင်း ရန်ကုန်မြို့တွင် ဆန္ဒပြ ခဲ့ကြသူများကို ရဲတပ်ဖွဲ့နှင့် အရပ်ဝတ် စွမ်းအားရှင်များက အကြမ်းဖက်ဖြိုခွဲခဲ့သည်။ နောက် ၅ ရက်ကြာသည့်အခါ ရဲတပ်ဖွဲ့ က လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ အနည်းဆုံး လူ ၁၂၇ ဦး အဖမ်းခံခဲ့ရသည်။
နိုင်ငံရေးအရ ကျရှုံးခြင်း
အတိတ်ကဆိုလျှင် အစိုးရက အတိုက်အခံများ ကို နိုင်ငံရေး ပရိယာယ်သုံး၍ အင်အားနည်းစေခြင်း၊ ပြည်သူလူထုကို ဇဝေ ဇဝါ ဖြစ်စေခြင်းနှင့် နိုင်ငံတကာ ဖိအားမျာကိုလျှော့ချခြင်း စသည့်နည်းများကို အသုံး ပြု၍ ဆန္ဒပြမှုများကို အောင်အောင် မြင်မြင် ဖြိုခွဲ နိုင်ခဲ့သည်။ ယခုအခါတွင်လည်း နေပြည်တော် အစိုးရက အလားတူ ဇာတ်ညွှန်းမျိုး ဖတ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဟုတ်ခဲ့သည်ဆိုလျှင် သမ္မတဦးသိန်းစိန် သို့မဟုတ် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ကြားမှာ ဆွေးနွေးပွဲများ အမြောက်အမြား ဖြစ်ပေါ်လာရေးကို ကျနော်တို့ မျှော်လင့်နိုင်ပါသည်။
အဆိုပါ ဆွေးနွေးပွဲများက နိုင်ငံရေး အဖြေ တခု ပေါ်ထွက်လာဖွယ်မရှိသော်လည်း ကျောင်းသား များ ရိုက်နှက်ခံရခြင်း၊ ဖမ်းဆီးထောင်ချခံရခြင်း စသည့် ခေါင်းစီးသတင်းများကို တိမ်မြုပ်သွားစေလိမ့် မည် ဖြစ်သည်။ ယခင်က အလားတူ လုပ်နည်း လုပ် ဟန်များ အတိုင်းသာဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် ကျောင်းသားလှုပ်ရှားမှုများကို ဘေး ချိတ်၍ သူ၏ နိုင်ငံရေး အစီအစဉ်များရှေ့တိုးနိုင်ရန် အခွင့်အလမ်းတခု ကိုဆုပ်ကိုင်ရင်း ငါးစာကို နောက်တကြိမ် မျိုချရလိမ့်ဦးမည် ဖြစ်သည်။
ကျောင်းသား သပိတ်ဖြိုခွင်းမှုနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းသည့်အခါ ဒေါ်အောင်ဆန်းစု ကြည်က “အကြမ်းဖက် အင်အားသုံးတာကို NLDက ဘယ်တုန်းကမှမထောက်ခံခဲ့ပါဘူး။ ဒါကို အထူး ပြောနေစရာ မလိုပါဘူး။ တရားဥပဒေ စိုးမိုးရေး ဆိုတာ လူတိုင်းအတွက်ပါ” ဟု ဖြေကြားခဲ့ပြီး အကြမ်းဖက် ဖြိုခွင်းခြင်းသည် ယဉ်ကျေးသော လူ့ အဖွဲ့အစည်းနှင့် သင့်လျော် ခြင်းမရှိဟု ပြောဆိုခဲ့ သည်။
အမှန်တကယ်တွင်မူ အစိုးရရော ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် အဓိက အတိုက်အခံ အဖွဲ့ကပါ ကျောင်းသား သပိတ်ကို မကြိုဆိုအပ်သည့် စိန်ခေါ်မှုတခုအဖြစ် မြင်ခဲ့ကြပါသည်။
ကျောင်းသားများ၏ လှုပ်ရှားမှုသည် တိုင်းပြည် ကို မငြိမ်မသက် ဖြစ်စေရန် လုပ်ဆောင်လိုကြသော ကွန်မြူနစ်များ၏ လျှို့ဝှက် ကြံစည်မှုဖြစ်သည်ဟု အစိုးရက အမြဲယူဆပြောဆိုလေ့ရှိသည်။ ဖေဖော်ဝါ ရီ နှောင်းပိုင်းတွင် ပညာရေး ဝန်ကြီး ဌာနက တက္ကသိုလ် အုပ်ချုပ်ရေးတာဝန်ရှိသူများထံသို့ လျှို့ဝှက်ဖြန့်ချိခဲ့ သော စာတစောင်တွင် သပိတ်မှောက်ကျောင်းသား များ အဆိုပြုတင်ပြသည့် ပညာရေးဥပဒေသည် လက်ရှိ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပျက်စီး စေရန် ကွန်မြူနစ်တို့၏ အားထုတ်မှု တခုသာဖြစ် သည်ဟု စွပ်စွဲရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားဆန္ဒ ပြပွဲများကို သူ၏ အခြေခံဥပဒေပြင်ဆင်ရေး အစီအစဉ် အတွက် အနှောင့် အယှက် တခုဟု မြင်သည်။ ပို၍ အပြစ်မြင်စွာပြောရလျှင် နောက်သက်တမ်းတွင် သမ္မတလာဖြစ်ရန် အားထုတ်မှုများ အတွက် အနှောင့် အယှက်တခု ဖြစ်သည်။ သူ၏ မိန့်ခွန်းများနှင့် အင်တာဗျူးများတွင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေး ဥပဒေနှင့်ပတ်သက်၍ လွှတ်တော်ကို ဖိအားမပေးရန် ဆန္ဒပြကျောင်းသားများကို သတိ ပေးခဲ့သလို အခြေခံ ဥပဒေ ပြင်ဆင် ရေးကို မျက်ခြည် မပြတ်ကြရန်လည်း ပြည်သူလူထုကို တောင်းဆိုခဲ့ သည်။
သို့သော်လည်း အလွန်လိုအပ်နေသော အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားသပိတ်က အနှောင့်အယှက်တခု (အနည်းဆုံးတော့ ယာယီဖြစ် ဖြစ်) ဖြစ်သည်ဆိုလျှင်ပင် ကျောင်းသားများ၏ တောင်းဆိုမှုက အစိုးရ၏ အကြမ်းဖက် ဖြိုခွဲမှု နှင့် အတိုက်အခံ၏ စိတ်ဝင်စားမှုနည်းပါးခြင်းတို့လောက် မဆိုးရွားသည့် ကိစ္စဖြစ်ပါသည်။
ကျောင်းသားခေါင်းဆောင်တချို့က အယူ အဆ ပြင်းထန်သည့် အမြင်များနှင့် လုပ်ဆောင်မှုများ ရှိနေသည်ကတော့ အမှန် ပင် ဖြစ်သည်။ အစိုးရက ကွန်မြူနစ်များဟု စွပ်စွဲထားသော ဝါရင့်တက်ကြွ လှုပ်ရှားသူအချို့က ကျောင်းသား သပိတ်ကို ပိုမို ကြီးမားသော လှုပ်ရှားမှုတခု ဖြစ်စေချင်သည်ကလည်း မှန်ပါသည်။ သို့သော်လည်း လက်ရှိကျောင်းသား သပိတ်၏ အလုံးစုံ ရည်မှန်းချက်က ပညာရေးပြုပြင် ပြောင်းလဲရေးကို ပန်းတိုင်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါသည်။
ကျောင်းသားများ ဆက်လက် တိုက်ပွဲ ဝင်နေရခြင်းမှာ ဥပေက္ခာပြုခြင်း၊ ကတိချိုးဖောက် ခြင်းနှင့် ပြီးခဲ့သည့် နှစ်အစောပိုင်း ပညာရေးဥပဒေ ကြမ်းကို စတင်ဆွေးနွေးသည့် အချိန်ကတည်းက ပရိယာယ်သုံး၍ အချိန်ဆွဲနေခဲ့ခြင်းတို့ကို သူတို့ သတိပြုမိခဲ့၍ ဖြစ်ပါသည်။ ပြည်သူ လူထု၏ စစ်မှန် သော စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးနိုင်သော သို့မ ဟုတ် မှန်ကန်သော ဆုံးဖြတ် ချက်များပေးနိုင်သော အာရုံလွှဲနိုင်သည့် နည်းလမ်းမရှိပါ။
ကျောင်းသားလှုပ်ရှားမှု အရှိန်ရလာရခြင်းမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြေယာသိမ်းယူမှုများ၊ တိုင်းရင်းသား ပဋိပက္ခ များ၊ အလုပ်သမားဆန္ဒပြမှုများမှသည် ပညာရေး ပြုပြင်ပြောင်းလဲရေးအထိ မတရားမှုများကို ကန့် ကွက် ပြောဆိုရန် ပျက်ကွက်ခဲ့သည့် အတွက်ဖြစ်ပါ သည်။ ခြိမ်းခြောက်မှုတခုဟု အတိုက်အခံဘက်က သဘောထား ခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျောင်းသားဆန္ဒပြပွဲများ သည် ၂၅ နှစ်အတွင်း ပထမဆုံး သော အမျိုးသားအဆင့် လှုပ်ရှားမှုဖြစ်ပြီး စနစ်တခုအတွင်းသို့ ထဲထဲ ဝင်ဝင်ရောက်ရှိနေပြီဖြစ်သော အတိုက် အခံအဖွဲ့၏ နိုင်ငံရေးအရ အားပေးမှု မပါဘဲ ရပ်တည်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိကျောင်းသားလှုပ်ရှားမှု၏ အရေးပါမှုက ပညာရေးပြုပြင်ပြောင်းလဲရေးထက် များစွာကျော်လွန်သွားခဲ့ သည်။ ကျောင်းသားတို့၏ တက်ြွကလှုပ်ရှားမှုက အဓိကကျသော မျိုးဆက် ပြောင်းလဲမှုကို အရိပ်အယောင် ပြလိုက်ခြင်း လည်း ဖြစ်နိုင်ပါသေးသည်။ ဗြိတိသျှကိုလိုနီဘဝမှ လွတ် မြောက်ရေးလှုပ်ရှားမှုအတွင်းမှ အလားတူပြောင်းလဲ ခြင်းကို ပြန်လည် အမှတ်ရချင်စရာဖြစ်ပါသည်။
ခေါင်းဆောင်မျိုးဆက်သစ်
၁၉၂၀ နှစ်များအတွင်းမှ မြန်မာ အမျိုးသားရေး ဝါဒီများကို ဗြိတိသျှတို့က သိမ်းသွင်းခဲ့ပြီးနောက် ၁၉၃၀ နှောင်းပိုင်းနှစ် များတွင် ကျောင်းသားသမဂ္ဂ များမှ ခေါင်းဆောင်သစ် မျိုးဆက်တခု ပေါ်ပေါက် လာခဲ့သည်။ သူတို့က ဗြိတိသျှ အုပ်ချုပ်ရေး ကို ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြပြီး နောက်ပိုင်းတွင် သူတို့ကိုယ် သူတို့ “သခင်” ဟု အမည်တပ်ခဲ့ကြပြီး နိုင်ငံ၏ အရှင်သခင် များ ဖြစ်သည်ဟု ရည်ညွှန်းခြင်း ဖြစ်သည်။ ထို မျိုးဆက်မှာ ဒေါ်အောင်ဆန်း စုကြည် ၏ဖခင် မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းတို့ မျိုးဆက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ လုပ်ခဲ့ဖူးပြီး ယနေ့ ထက် တိုင် တက်ြွကလှုပ်ရှားသူ ကျောင်းသားတို့အတွက် စံပြပုဂ္ဂိုလ်တယောက် ဖြစ်နေပါသည်။
ဗြိတိသျှအာဏာပိုင်များနှင့် ရှေးရိုးစွဲမြန်မာများ က ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားကျောင်းသားများ၊ သခင်များကို သွေးဆူ သူ များ၊ အစွန်းရောက်သူများ၊ စစ်သွေြးွကလူငယ်များအဖြစ် ဝေဖန်အပြစ်ဆိုခဲ့ကြ သည်။ သို့သော်လည်း သူတို့သည် လူကြိုက် များ သည့် ခေါင်းဆောင်များဖြစ်လာကြပြီး မြန်မာနိုင်ငံကို ဗြိတိသျှ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြသည်။
ယခုကျောင်းသားလှုပ်ရှားမှုသည် တက်ြွက လှုပ်ရှားသူ မြန်မာခေါင်းဆောင်သစ် မျိုးဆက်တခု ပေါ်ထွက်လာတော့မည့် ရှေ့ ပြေး နိမိတ် ဖြစ်နိုင်ပါ သည်။ သို့သော်လည်း ရေတိုတွင်မူ အနေအထားက အနည်းငယ်ပို၍ ရှုပ်ထွေးပြီး ဝေ၀ါးလို့ပင် နေ သည်။
မြန်မာနိုင်ငံမှ လူမှုကွန်ရက် အသုံးပြုသူများက “ကျောင်းသားတွေ နိုင်တယ်” ဆိုသော စာသားကို ဖြန့်ဝေခြင်းဖြင့် ကျောင်း သား လှုပ်ရှားမှုကို ထောက်ခံ ကြောင်းပြသခဲ့ကြသည်။ ရက်စက်စွာ အကြမ်းဖက် ဖြိုခွဲခြင်းအားဖြင့် အရပ်သား အမည်ခံ အစိုးရ၏ တရားဝင်မှုကိုသာ ထိခိုက်စေပြီး ၎င်းတို့၏ သရုပ် အမှန်ကို ထုတ်ပြလိုက်ခြင်းဖြစ်သည်ဟု ကျောင်းသား အရေး တိုက်ပွဲဝင်သူများက သဘောထားကြမည်မှာ သံသယရှိစရာ မလိုပါ။ သို့သော်လည်း လက်တွေ့ တွင်မှု ကျောင်း သား တို့၏ နောက်ဆုံး စွန့်လွှတ်မှုမှ အမြတ်ထွက်နိုင်သည့် အဖွဲ့ ၂ ဖွဲ့ရှိနေသည်။
ပထမ အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဖြစ်သည်။ အစိုးရ၏ ကျောင်းသားသပိတ် ဖြိုခွင်းမှုက ပြည်သူများကို ယခင် စစ်အစိုးရ၏ ရက်စက်မှုများကို ပြန်လည်အမှတ်ရသွားစေနိုင်ခဲ့သည့်အတွက် လာမည့်အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကို ဆန့် ကျင် ၍ မဲပေးကြမည့် အလားအလာ က အလွန်များနေသည်။ ပြည်သူလူထု၏ ထောက်ခံ မှု ခိုင်ခိုင်မာမာရရှိထားပြီး ဖြစ် သော NLD ပါတီ အတွက် ပိုကောင်းသွားပေလိမ့်မည်။
သို့သော်လည်း အကယ်၍ ဆန္ဒပြပွဲများ ဆက် လက်ဖြစ်ပေါ်ခဲ့လျှင်၊ အကယ်၍ တိုင်းရင်းသားဒေသ များတွင် လတ်တလော ၌ စစ်တပ်က ထိုးစစ်ဆင်နေ ခြင်းများ၏ အကျိုးဆက်အဖြစ် မတည်ငြိမ်မှုများ မြင့်တက်လာခဲ့လျှင် စစ်တပ်က အရေးပေါ် အခြေအနေ ကြေညာ၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ် လိုက်နိုင်သည်။ ယခင်စစ်အစိုးရက ရေးဆွဲပေးခဲ့ သော မြန်မာနိုင်ငံ ၏ လက်ရှိ အခြေခံဥပဒေကလည်း အရေးပေါ်အခြေအနေ ကြေညာပြီးသည့် အချိန် တွင် လွှတ်တော်ကို ဘေးဖယ်ထားပြီး တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်နိုင်ရန် စစ်တပ်ကို အခွင့်အာဏာ ပေးထားသည်။ ထိုသို့ဆိုလျှင် စစ်တပ်က အမှန် တကယ် အနိုင်ရရှိသူ ဖြစ်သွားပေလိမ့်မည်။
အာဏာပိုင်များ၏ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့စဉ်မှာ ထိခိုက်နစ်နာခဲ့ရသူများ ကတော့ သူတို့ကို ကျူး လွန်ခဲ့သူများက ဆက်လက် တာဝန်ယူနေခြင်းကို မြင်ချင်ကြလိမ့်မည် မဟုတ်ပါ။
သို့သော်လည်း သူတို့ကိုရိုက်နှက်ခြင်းနှင့် သူတို့ အလံကို ခြေဖြင့်တက်နင်းခြင်းတို့က သူတို့ကို အာဏာပိုင်များရှေ့တွင် ဒူးထောက် လာစေရန်၊ သူတို့၏ အရေးကိစ္စများကို စွန့်လွှတ်ကြစေရန် ပြုလုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း ကျောင်းသား များက ကောင်းစွာ နားလည်ထားကြပါသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်ကိုဦးဆောင်၍ အာဏာသိမ်းယူခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းမှ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက် အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီး ခဲ့သည့် အတွက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများကို ဆရာ ကြီး သခင်ကိုယ်တော်မှိုင်းက “သူတို့ သမဂ္ဂ အဆောက် အအုံ ကို ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမယ့် မင်းတို့ နှလုံးသားထဲက သမဂ္ဂရဲ့ စိတ်ဓာတ်ကို သူတို့ ဘယ်တော့မှ မဖျက်ဆီးနိုင်ဘူး” ဟု ပြောကြားခဲ့သည်။
သခင်ကိုယ်တော်မှိုင်းပြောခဲ့သောစကား မှန်ကန် ကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ သမဂ္ဂ၏ စိတ်ဓာတ်က အစဉ်တည်တံ့၍နေပါသည်။
(၂၀၁၅ ခုနှစ် ဧပြီလထုတ် The Irrawaddy မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော The Thamaga Factor ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)
No comments:
Post a Comment