မာန်ယုကျော် (ရွှေဝမြေ)
ရခိုင်ယူနိုက်တက်အသင်းတွင် ကစားရန် ဂျပန်ဂိုးသမား တစ်ဦးကို ယခုလ ၂၃ရက်နေ့က ခေါ်ယူ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အဆိုပါအသင်း၏မန်နေဂျာက အတည်ပြုပြောသည်။
“အာရှဘက်ကတစ်ယောက်ခေါ်ခွင့်ရှိတယ်ဆိုလို့ အခုလိုခေါ်လိုက်ရတာပါ။ အသင်းတစ်သင်းကို ခိုင်မာအောင် တည်ဆောက်တဲ့ပုံစံမျိုးပါပဲ။ အသင်းရဲ့လိုအပ်ချက်ကိုဖြည့်နေတဲ့သဘောပေါ့နော်”ဟု အသင်းမန်နေဂျာ ဦးထွန်းထွန်းဝင်းက နိရဉ္စရာသို့ ပြောသည်။
ယခုစာချုပ်ချုပ်ဆိုလိုက်သည့် အသက် ၃၂ နှစ်အရွယ်ရှိ ဂျပန်လူမျိုး ဂိုးသမား ခိုးရှီကို တစ်လလျှင် ဒေါ်လာ ၁၅ဝဝ ဖြင့် စာချုပ်ချုပ်ထားခြင်းဖြစ်ပြီးစာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီအကုန်အထိ ငါးလသာဖြစ်သည်ဟု ဆိုသည်။
အဆိုပါဂျပန်ဂိုးသမားသည် အာဆီယံဒေသတွင်း လိဂ်အတွေ့အကြုံရှိဂိုးသမားတစ်ဦးဖြစ်ပြီး ထိုင်းပထမတန်း ကလပ် ပတ္တယားယူနိုက်တက်အသင်းတွင်ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။
အဆိုပါအသင်းတွင် ယခင်က နိုင်ဂျီးရီးယားမှ ကစားသမား ၁ ဦးနှင့် ဂါနာမှ ကစားသမား ၁ ဦးတို့ ထည့်သွင်း ကစားလျက်ရှိရာ ယခု ဂျပန်ဂိုးသမားနှင့်ဆိုလျှင် အသင်းတွင် နိုင်ငံခြားသား အားကစားသမား ၃ဦးရှိသွားပြီဖြစ်သည်။
“ကျနော်တို့ နောက် တစ်ယောက်ခေါ်ဖို့လည်းရှိစီစဉ်နေပါတယ်။ ဘယ်နိုင်ငံသားဖြစ်မလဲတော့ မသိသေးဘူး”ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။
အဆိုပါအသင်းအနေဖြင့် လက်ရှိတွင် Training လေ့ကျင့် ကာလအတွင်း အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေသော်လည်း အသင်းတွင် ငွေကြေးနှင့် လူအင်အား များများစားစား မသုံးနိုင်သေးသည့် အတွက် ဖလားရနိုင်သည့် အနေအထားသို့မမျှော်မှန်းနိုင်သေးဟုဆိုသည်။
No comments:
Post a Comment