Saturday, May 7, 2016

ကျူးကျော်ပြဿနာ

ထက်မြက်


ယခုတက်လာသော အစိုးရအဖွဲ့သစ်မှနေ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းပေး လိုက်၏။ ရန်ကုန်တိုင်းဒေသကြီးသည် ပြည်နယ် ၇ ခု တိုင်းဒေသကြီး ၇ ခုအနက် ဝင်ငွေအ ကောင်းဆုံးနှင့် လူဦးရေ အများဆုံး တိုင်းဒေသကြီးဖြစ်သည်။ စီးပွားရေးလုပ်ငန်း အများဆုံး လုပ်ကိုင်ရသလို လူနေအိမ်အများဆုံးနှင့် မြို့တွင်းမြို့ကွက် အများဆုံး ဒေသလည်း ဖြစ်ပါသည်။ ထိုဒေသကြီးကို အုပ်ချုပ်ဖို့ ဆိုသည်မှာ ထိုတိုင်းဒေသကြီးကို အုပ်ချုပ်ရသော အစိုးရအဖွဲ့အဖို့ တာဝန်လည်း ကြီးလှသလို အတော်လည်း ပင်ပန်းလှပေသည်။ ယခင်အစိုးရအဖွဲ့ဟောင်းဆိုလျှင် နာမည်ဆိုး နာမည်ပျက်များဖြင့် ကျော်ကြားခဲ့ ၏။ ကားတွေများလွန်းလမ်းများကျပ်လွန်းသဖြင့် ကုန်းကျော်တံတားများဆောက်ရာ “ မပြေးသော်ကံရာရှိ” ကုန်းကျော်တံတားဆောက်ခွင့်ရသည့် ကုမ္ပဏီများကို တင်ဒါချပေးသည်ကအစ နောက်ဆုံးဆိတ်ကြီးက နောင်တိုဘက်တွင် ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တာဝန်ရှိသူများ အရာရှိများက ဝေဖန်ပြစ် တင်ကြဖြင့် တာဝန်လွှဲပြောင်းသည့်အချိန် ရောက်ကြရ၏။ ရွှေဒဂုံဘုရားအနီးရှိ စစ်တပ်မြေထဲတွင် ခွင့်ပြု လိုက်သော Yangon City ကွန်ဒို အဆောက်အဦးများ ဆောက်လုပ်ဖို့ အစီအစဉ်မှာလည်း ဘုရားကို ထိ ခိုက်နိုင်သောကြောင့် ဝိုင်းဝန်းကန့်ကွက်ကြသဖြင့် ထိုစီမံကိန်းပျက်သွားသလား နေရာပြောင်းသွားသလား မသိ။ နေရာပြောင်းသွားသည်က ပိုများမည်။ ထိုစီမံကိန်းက နှုတ်ကျွံရုံမက လာဘ်လည်း ကျွံပြီးသားဖြစ်ပေမည်။ အချက်အချာကျသော ရန်ကုန်မြို့တွင်း တနေရာတွင် မြေနေရာ အစားထိုးပေးနိုင်ပေပြီ။ မည်သို့ပင် ဖြစ်စေ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အရာရာနှင့် အကြောင်းကြောင်း စာနယ်ဇင်းများ၏ မျက်စိကျစရာ သတင်းရေးချင်စရာ အစိုးရအဖွဲ့ဖြစ်ခဲ့ပေသည်။ ယခင်အစိုးရအဖို့ နာမည် အပျက်ဆုံးမှာ ကျူးကျော်တဲများ ပြဿနာဖြစ်ပေသည်။ လှည်းကူးရွာလုံးကျွတ် ကျူးကျော်ပြဿနာဆိုလျှင် တစ်ရွာလုံးကို ဘူတိုဇာဖြင့် ထိုးဖျက်ကာ ပဲခူးတိုင်းသို့ ပို့၏။ ပဲခူးတိုင်းကလည်း လက်မခံ ရန်ကုန်မြို့တွင်းလည်း ဝင်ခွင့်မရဘဲ ဘုန်းကြီးကျောင်းထဲ ဝင်နေရ၏။ ဘုန်းကြီးကျောင်းထဲမှလည်း ထွက်ခွင့်ကို ရာဇသံပေး ထားသောကြောင့် ဆင်းရဲလှသော ရွာသူရွာသားတို့မှာ တောင်မင်းမြောက်မင်း မကယ်နိုင်ဖြစ်နေသည်။ မြေ နေရာလည်း အစားမထိုးပေးဘဲ အစိုးရာတာဝန်ယူထားပြီး တာဝန်မကျေသော ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှာ ပြည်သူလူထု၏ အော့နှလုံးနာစရာ ဖြစ်သွားရတော့သည်။ အရေးကြီးသည်မှာ အစိုးရတာဝန်ယူထား၊ နိုင်ငံတော်လစာ စားထားပါလျှက်နှင့် ပြည်သူလူထုအပေါ် တာ ဝန်ခံမှုနှင့် တာဝန်ယူမှုမရှိခြင်းသာဖြစ်ပါသည်။ ထိုလှည်းကူးမှ “တောင်ပြေးမြောက်ပြေး ရွာဇော်ကြီးခွေး” ကဲ့ သို့ ဖြစ်သော ရွာသူရွာသားများမှာ နောက်ဆုံး DKBA အဖွဲ့မှ ဗိုလ်မှူးစန်းအောင်မှ တာဝန်ယူ၍ သူတို့ဒေသ ကရင်ပြည်နယ်သို့ သနားစရာကောင်းလှသော ထိုရွာသူရွာသားများကို စေတနာအပြည့်ဖြင့် ခေါ်ဆောင် သွားခဲ့လေသည်။ အလုပ်အကိုင် အစားအသောက် နေရာထိုင်ဖို့ နေရာထိုင်ခင်းကအစ တာဝန်ယူလုပ်ပေးခဲ့ သည်။ ထိုရန်ကုန်တိုင်း အစိုးရဟောင်းအဖွဲ့ ရှက်ဖွယ်ကောင်းပေစွ။

ယခုအစိုးရသစ်လက်ထက်တွင် ထိုပြဿနာများကို ဖြေရှင်းရပေတော့မည်။ ရန်ကုန်မြို့ တွင်း ယခုလောလောဆယ် ဖြေရှင်းရမည့် အဓိက ပြဿနာများမှာ ကားကျပ်ခြင်း၊ မိုးရွာလျှင် လမ်းများပေါ် ရေလွှမ်းပြီးလမ်းများမှာ မြစ်ချောင်းများဖြစ်သွားခြင်း၊ ကျူးကျော်တဲများ ပြဿနာတို့ပင်ဖြစ်ပါသည်။ ယခင် အစိုးရတုန်းကမူ ကားကျပ်ခြင်းကို ကုန်းကျော်တံတားများဆောက်ခြင်းဖြင့် ဖြေရှင်းဖို့ ကြိုးစားသည်။ အမှန်တကယ် ကားကျပ်ခြင်းကို ဖြေရှင်းဖို့လား၊ ကုန်းကျော်တံတားများဆောက်လုပ်ဖို့ တင်ဒါ ခေါ်ယူခြင်းအတွက်လားဆိုသည်ကို မိုးနတ်မင်းကြီးသာ သိရှိနိုင်ပေလိမ့်မည်။ ကားကျပ်သည့် ပြဿနာကို ကုန်းကျော်တံတား များဖြင့်သာ ဖြေရှင်း၍မရနိုင်ကြောင်း ကားသမားများရော ရန်ကုန်လူထု ကရော ယခုအစိုးရသစ်ကရော နားလည်သဘောပေါက်သွားကြသည်။ ကုန်းကျော်တံတားနည်းဖြင့် ဖြေရှင်းခြင်းသည် မအောင်မြင်နိုင်ရုံမက ရန်ကုန်တိုင်း၏ ဘဏ္ဍာငွေကို အလွန်အကျွံသုံးစွဲခြင်း ဖြစ်ကြောင်းကို ရန်ကုန်အစိုးရသစ်က သိရှိခဲ့ပြီး ယခင် အစိုးရဆောက်သော ကျန်နေသေးသည့် ကုန်းကျော်တံတား နှစ်ခုကို ဖျက်သိမ်းလိုက်ပါတော့သည်။ ထို့ကြောင့် ကုန်းကျော်တံတားများဖြင့် ကားကျပ်ခြင်းကို ဖြေရှင်း၍မရနိုင်ကြောင်းသိလာသလို လမ်းများချဲ့ ခြင်းဖြင့်လည်း မဖြေရှင်းနိုင်ပေ။ ရန်ကုန်မြို့ပတ်လမ်း တည်ဆောက်ခြင်းကို တချို့က တင်ပြထားသည်။ ရန်ကုန်မြို့ပတ်လျှပ်စစ် ရထား ပြေးဆွဲလျှင် အသက်ရှုပေါက် ချောင်နိုင်သည်ဟုလည်း ယခင်အစိုးရက ယူဆ ခဲ့သော်လည်း အဓိက ဖြေရှင်းနည်း မဟုတ်ပေ။ အစိုးရအဖွဲ့သစ် လက်ထက်တွင် ကားကျပ်ခြင်းကို အမြန်ဆုံး ပြေလည်အောင်မည်ကဲ့သို့ ဖြေရှင်းမည်ဟူ၍ကား ခိုင်ခိုင်မာမာတိတိကျကျ အဖြေမပေးနိုင်သေးပေ။

ကားဝယ်ခွင့်ကို ပိတ်၍ကား မဖြစ်နိုင်။ အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများ ဘယ်လိုဖြေရှင်းမလဲ ဆိုသည်ကို လေ့လာဖို့လိုပါသည်။ နှစ်ထပ်လမ်းသုံးထပ်လမ်းများ ဆောက်ဖို့ လိုသည်။ ယခုအစိုးရလက်ထက် ဘဏ္ဍာငွေတတ်နိုင်မည် မဟုတ်ပေ။ နိုင်ငံတကာ အကူအညီ ဖြင့်သာ ထိုနှစ်ထပ်လမ်း သုံးထပ်လမ်းကို ဆောက်နိုင်ပေမည်။ ပြေလည်အောင် ဖြေရှင်းနိုင်မည့် နည်းလမ်းမှာလည်း လမ်းတိုးချဲ့ခြင်းနှင့် နှစ်ထပ်လမ်း သုံးထပ်လမ်းများသာ ဖြစ်၏။ ဒုတိယ ပြဿနာမှာ ရန်ကုန်မြို့လယ်မှ လမ်းများ ချောင်းများ မြစ်များ အဖြစ် ပြောင်းသွားခြင်းဖြစ်လေသည်။ အထပ်မြင့် အဆောက်အဦးများ ကန်ထရိုက်တိုက်များ မှိုလိုပေါက်အောင် ဆောက်လာသည်နှင့်အမျှ ရေစီးရေလာ မရှိတော့ပဲ ရေစီးရာမြောင်းများမရှိ သောင်များလည်းကောကာ လမ်းပေါ်တင်လာခဲ့၏။ စစ်အစိုးရခေတ်ကမူ လမ်းများကို မြှင့်၏။ ဘယ်လောက်ပဲမြှင့်မြှင့် စီးစရာမရှိသော ရေများ လမ်းပေါ်ကိုသာ တက်လာ၏။ ရေစီးမြောင်းများ လိုအပ်သည်ကို သိသော်လည်း မြောင်းများ အတွက် ပေးစရာမရှိပေ။ ကွန်ကရစ်လမ်းများကို တိုး၍မြှင့်၏။ ရေစီးများမှာ လမ်းပေါ်သို့သာ ကျလာ၏။ ထိုတာဝန်သည် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းခေါင်းပေါ် စုပြုံကျလာ၏။ သူလည်း ဘာသားမို့ ဖြေရှင်းနိုင်ပါမလဲဟု အချို့က သုံးသပ်နေကြသည်။ သို့သော် ဝန်ကြီးချုပ်ကမူ ပြေလည်စေရမည်၊ ရေမတင်စေရဟု ရန်ကုန်ပြည်သူလူထုကို ကတိပေးထား၏။ ရေဆင်းဖို့ လမ်းဘေးတွင် အလွန် ကြီးမားသော ရေမြောင်းများ ခပ်မြင့်မြင့် ခပ်နက်နက်တူးကာ ရေစီးဖို့ကိုသာ လွတ်လွတ်လပ်လပ် ပေးလိုက်လျှင် ရေတင်နေသော ရန်ကုန်မြို့လယ်လမ်းများ၊ လမ်းအဖြစ် ပြန်မြင်နိုင်မည်။ အထွေအထူး အပေါ်သို့ ထပ်မြှင့်စရာ မလိုပေ။ ထို့ကြောင့် ယခု မိုးရာသီ ကျဖို့နီး၏။ သို့သော် လမ်းဘေးမြောင်းများက အားကောင်းမောင်းသန် တူးနေခြင်းကိုကား မတွေ့ရ။ မိုးရွာ လျှင် ရေဆက်တင်နေမည်ကား အမှန်ပင်။ သိကြားမင်းကြီးက ဝိသကျိုနတ်သားကို တာဝန်ပေးကာ လမ်း ပေါ်သို့ အခန့်သားတက်နေသော ရန်ကုန်ရေကို ဖယ်ရှားပေးနိုင်မှသာလျှင် လမ်းများပေါ် ရေကြီးခြင်း ပြဿ နာကို ဖြေရှင်းနိုင်ပေမည်လားမသိပေ။

ဖြေရှင်းဖို့မလွယ်ဆုံးနှင့် ပြဿနာ အကြီးဆုံးကား ကျူးကျော်တဲများဖြစ်ပါသည်။ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းကမူ သူ့အစိုးရသည် ဘူဒိုဇာအစိုးရ အဖြစ်စေရဟု ကြွေးကြော်ထား၏။ ကျူးကျော်တဲအိမ် များရှိလာလျှင်လည်း နေစရာ အစားပေးမည်ဟုလည်း ကတိပြုထား၏။ ယခင်အစိုးရတုန်းက နေစရာပေးနိုင် သော အခြေအနေရှိသည့်တိုင် ထောက်ထားစရာများကား များနေ၏။ ကျူးကျော်များကို နေရာပေးလျှင် စစ်တပ်ပိုင်မြေ၊ ခရိုနီပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ စသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လယ်မြေများကိုပင် ခွဲတမ်းချကာ အနှစ် ၅ဝလုံးလုံး မြေသိမ်းယာသိမ်း အကုန်သိမ်းခဲ့သော စစ်အာဏာရှင်များနှင့် သူတို့၏ လက်ပါးစေ များကြောင့် လူထုအဖို့ နေစရာမရှိတော့ပေ။ မြို့လယ်ခေါင်မှ မြို့စွန်၊ မြို့စွန်မှ မြို့ပြင်၊ မြို့ပြင်မှနေ တောသို့ သာလွင့်သွားကြရ၏။ ရန်ကုန်မြို့သည် သူတို့နှင့် မထိုက်တန်သော မြို့ကြီးအဖြစ် အဝေးသို့ လွင့်သွားကြရ၏။ ယခုဆိုလျှင် လှည်းကူးရှိ သမီးလေးကျေးရွာမှ ရွာသူရွာသားများမှာ ရန်ကုန်တိုင်းမှနေ ဟိုးကရင်ပြည်နယ်သို့ ရောက်ရှိကာ တောသူတောင်သားများ ဘဝကို ပြန်လည်ေ၇ာက်ရှိသွားကြရပေတော့သည်။ စင်စစ်အားဖြင့် ကျူးကျော်ပြဿနာမှာ ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမျှ ဖြေရှင်း၍ မရနိုင်သော ပြဿနာဖြစ်၏။ အဓိက ပြဿနာမှာ စီးပွားရေးပြဿနာဖြစ်၏။

စီးပွားရေးအားကောင်းသော မြို့ပြသို့ စီးပွားရေးချွတ်ခြုံကျသော ကျေးလက်မှ ရွာသူရွာသားများ အများအပြား ရောက်ရှိလာကြ၏။ မြို့ပြမှ အလုပ်ရုံစက်ရုံများ များပြား လာသလောက် ကျေးလက်မှာ မွဲတေသိမ်ငယ်နေတော့သည်။ ထိုမှာ စနစ်ပြဿနာကြောင့် ဖြစ်သည်။ အရင်းရှင်စနစ်အားကောင်း လာသဖြင့် ကျေးလက်မြို့ပြကွာဟမှုမှာ ကြီးမားသထက် ကြီးမားလာ၏။ ကျေး လက်ကို မြို့ပြလိုပင် စီးပွားရေးကောင်းအောင် လုပ်ပေးလျှင်ကား ထိုပြဿနာမှာ ပြေလည်သွားနိုင်မည်။ ကျေးလက်မှ ပြည်သူများ မိမိတို့ ကျေးလက်တွင် လုပ်ကိုင်နိုင်လျှင်ကား မြို့ပြသို့ တက်လာစရာမလိုပေ။ ထို ကျေးလက်နှင့် မြို့ပြ ပြဿနာသည် ကမ္ဘာတွင်လည်း ထိပ်တန်းပြဿနာ ဖြစ်ပါသည်။ ဥရောပတွင် စက်မှု တော်လှန်ရေးကြီးဆင်နွှဲစဉ်က ကျေးလက်မြို့ပြ ပြဿနာလည်း ထိပ်တန်းတွင် ရောက်ရှိခဲ့လေသည်။ လန်ဒန်လို၊ ပါရီလို၊ ဘာလင်လို မြို့ပြများမှာ စက်မှုလုပ်ငန်းများ အကြီးကျယ် ထွန်းကား လာသလောက် လူနေမှု အဆင့်အတန်းလည်း အကြီးအကျယ် မြင့်တက်လာခဲ့သည်။ ကျေးလက်များမှာမူ အကြီးအကျယ် ဆင်းရဲပြီး အလုပ်လက်မဲ့များ တိုးပွားလာသည်။ ထိုအခါ ကျေးလက်မှ လယ်သမားများ တောသူတောင်သားများသည် မြို့ပြများသို့ အလုအယက်သွားရောက် ကြလေသည်။ မြို့ပြတွင် စက်ရုံအလုပ်ရုံများ များသောကြောင့် အလုပ်ရှာနိုင်သည်။ လူဦးရေ များသောနေရာများတွင် အရောင်းအဝယ်များ လုပ်နိုင်သည်။ အနိမ့်ဆုံး ကုန်စိမ်းရောင်း၍ပင် တစ်ဝမ်းတစ်ခါးကို ဖြေရှင်းနိုင်သည်။ ထိုအခါ ကျေးလက်မှ လူထုသည် မြို့ပြသို့ အလု အယက် တက်လာကြတော့သည်။ ထိုအခါလည်း နေထိုင်စရာ အခက်အခဲကြောင့် ကျူးကျော်ပြဿနာ များလည်း ပေါ်လာရပေတော့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ များရင်များသလောက် ဈေးကွက်စီးပွားရေး စနစ် ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် ရန်ကုန်မြို့တွင် လုပ်ငန်းကိုင်ငန်းများ များပြားကာ အလုပ်လာလုပ် သူများလည်း တိုးပွားလာသည်။ ထိုအခါ ကျူးကျော်ပြဿနာသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုန်၊ မြောက်ဒဂုန်နေရာများတွင် တစ်နေ့တခြား တိုးသထက် တိုးလာသည်။ ဘူဒိုဇာနှင့် ရှင်း၍လည်း မရနိုင်။ ဘယ်လောက်နေရာ အစားထိုးပေးနိုင်သလဲဆိုသည်ကိုကား ရန်ကုန်တိုင်းဒေသကြီး၏ အကျယ်အဝန်းတွင် မြေနေရာဘယ်လောက် အတိအကျ ရှိသလဲ ဆိုသည်ကို သိမှ ဖြစ်မည်။ ဆက်လက်၍လည်း ကျေးလက်မှ ကျူးကျော်ကြမည်မှာ ငြင်းစရာမလို။ ထိုပြဿနာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြေရှင်းနိုင်လိမ့်မည် ဟု မထင်ပေ။

No comments: