Tuesday, May 3, 2016

ရခိုင်တိုက်ပွဲများရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရန် လွှတ်တော်၌ အရေးကြီးအဆိုတင်

နေဖြိုးဝင်း


မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ကြား ရခိုင်ပြည်နယ်အတွင်း တကြော့ပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်ပြီး အေအေအဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း ဒီကနေ့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း လိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က ဒီကနေ့ မေ ၂ ရက်နေ့ က ပြန်လည်စတင်ကျင်းပတဲံ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆိုတင်သွင်းခဲ့တာပါ။

ဦးဝေစိန်အောင်က “ဒီအဆိုက မတင်သွင်းလို့ မဖြစ်တော့ဘူးလေ။ တကျော့ပြန် ဖြစ်လာတယ်ဆို တာမှာက တပ်မတော်ဘက်ကလည်း အရာရှိတွေအပါအ၀င်ကျတယ်။ နှစ်ဖက်စလုံးကျတယ်။ ပြည်သူတွေက မြေဇာပင်တွေ အများကြီးဖြစ် နေရတယ်။ အခု ပူပြင်းတဲ့ရာသီမှာ သွားရတာ လာရတာခက်ခဲတဲ့အချိန်မှာ၊ စားရေးသောက်ရေး ခက်ခဲတဲ့ အချိန်မှာ သိပ်ဒုက္ခများတယ်။ ပြီးတော့ နောက်လပိုင်းတွေမှာ မိုးကျမယ်ဆိုတော့ သူတို့ လယ်ယာမြေတွေကို ပစ်ထားခဲ့ရမှာ ဆိုတော့ သူတို့ လုပ်ရေးစားရေး လယ်ထွန်ဖို့အရေးတွေကလည်း အထူးသဖြင့် အခက်အခဲတွေ ရှိတယ်။ အဲဒါကြောင့် တိုက်ပွဲရပ်ဖို့က ချက်ချင်းဆို ချက်ချင်းလိုအပ်ပါတယ်။ အဲဒါကြောင့် ဒီအဆိုကို တင်သွင်း တာပါ”လို့ပြောပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှဝ်တွေဘက်ကတော့ အေအေ တပ်မတော်လို့ သုံးနှုန်းသွားတာနဲ့ပတ်သက်ပြီးထကန့်ကွက်ခဲ့ပါတယ်။

တပ်မတော်သားအမတ် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက “နိုင်ငံတကာမှာလည်း တပ်မတော်ဆိုတာ တစ်ခုပဲရှိတယ်။ ဒါကြောင့်မို့လို့ အေအေ တပ်မတော်ဆိုတာ မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုအစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့အချိန်ကျမှ သူတို့အနေနဲ့ ခါတော်မီလုပ်တယ်လို့ အဲလိုပဲ ယူဆတယ်” လို့ ပြောပါတယ်။

ဒီအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့် မသင့် မတ်တပ်ရပ် မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲ ၉၃ မဲရရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ အတည်ပြုခဲ့ပြီး မနက်ဖြန်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

No comments: