Wednesday, May 11, 2016

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း တိုင်းရင်းသားလူမျိုးလေ့လာရေး ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူ

ကျော်မင်း (စစ်တွေ)

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ တာဝန်ယူ ထမ်းဆောင်ခဲ့သော ဦးမောင်မောင်အုန်းသည် NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားလူမျိုးများလေ့လာရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

မေ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်ရေးရာကော်မတီ ၂ ခုနှင့် အထောက်အကူပြုအဖွဲ့ ၂ ခု ကို တိုးချဲ့ဖွဲ့စည်းရာ အမ်းမဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကို တိုင်းရင်းသား လူမျိုးများလေ့လာရေးကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဦးမောင်မောင်အုန်းက သူ့အနေနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများ၏ ဆုံးရှုံးနေသော အခွင့်အရေးများနှင့် ပတ်သက်ပြီး ပြန်လည်ရရှိလာစေရေး မြေပြင်ထိ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။

"တိုင်းရင်းသားရေးရာ အခွင့်ရေးကော်မတီဆိုတော့ ရခိုင်တိုင်းရင်းသားလူမျိုးစုကြီးလည်း ပါသလို၊ ကျန်တဲ့ လူမျိုးစုငယ်လေးတွေလည်း ပါတာပေါ့။ ပါတဲ့အခါကျတော့ သူတို့ရဲ့ တင်ပြမှုတွေကို ဥပဒေဘောင်တွင်းက နစ်နာမှုတွေ၊ ရပိုင်ခွင့်တွေကို တောင်းဆိုရမှာပေါ့။ ကမန်တိုင်းရင်းသားများနဲ့ ပတ်သက်ပြီးတော့လည်း၊ ကမန်တိုင်းရင်းသားဟာ တိုင်းရင်းသား ၁၃၅ မျိုးရှိတဲ့ ဒို့ တိုင်းရင်းသားထဲမှာ ပါပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်သာ သူတို့ IDP ထဲ သွားနေရတာရှိတယ်။ ဒါလည်း ကမန်တိုင်းရင်းသားနဲ့ဖြစ်ဖြစ်၊ ရခိုင်တိုင်းရင်းသားနဲ့ဖြစ်ဖြစ် ပေါင်းစပ် ညှိနှိုင်းပြီးတော့ပေါ့။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေထားကို လွှတ်တော်တွင်းကနေပြီးတော့မှ ဆွေးနွေးတိုင်ပင်သွားရမယ့် အစီအစဉ်ရှိပါတယ်။"

ဦးမောင်မောင်အုန်းသည် ယခင်က ကာကွယ်ရေးဦးစီးချူပ် (ကြည်း) တွင် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အမိန့်အမှတ် ၁၉/၂၀၁၃ ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်ဝန်ကြီးချူပ်အဖြစ် အဆိုတင်သွင်းခံခဲ့ရကာ ဇွန်လ ၃၀ ရက်နေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ယင်းနောက် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်ရာထူးနှင့် ပြည်နယ်ဝန်ကြီးချုပ် ရာထူးတို့မှ တပြိုင်နက်တည်း အငြိမ်းစားယူခဲ့ပြီး နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကာ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများလေ့လာရေးကော်မတီ ဥက္ကဌအဖြစ် မေလ ၉ ရက်နေ့တွင် ခန့်အပ်ခြင်း ခံခဲ့ရသည်။

No comments: