Wednesday, May 18, 2016

မတည်ငြိမ်မှုဖြစ်လာနိုင်သောကြောင့်ဟုဆိုကာ အလုပ်သမားသပိတ်ကို နေပြည်တော်သို့ လုံးဝအဝင်ခံမည်မဟုတ်

မင်းမင်း၊ အောင်မြတ်သူ

နေပြည်တော်သည် အုပ်ချုပ်ရေးမြို့တော်ဖြစ်သောကြောင့် နေပြည်တော်သို့ ဦးတည်ချီတက်လာသော စစ်ကိုင်းမှ ဆန္ဒပြအလုပ်သမားသပိတ်ကို မြို့တွင်းသို့ လုံးဝအဝင်ခံမည်မဟုတ်ကြောင်း ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မေလ ၁၆ရက်၊ ညနေပိုင်းတွင် ပြောဆိုလိုက်သည်။

"ဒီအဖွဲ့ကို ကျွန်တော်တို့ အုပ်ချုပ်ရေးမြို့တော်ကို အဝင်ခံရင် ကျန်တဲ့အဖွဲ့ပေါင်းများစွာ ဝင်မယ်။ ဝင်တဲ့အခါ အခြေအနေမတည်ငြိမ်မှု ဖြစ်နိုင်တယ်" ဟု ဦးအေးသောင်းက ပြောသည်။

စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုန် MYANMAR VENNER PLAYWOOD မှ အလုပ်ထုတ်ခံရသည့် အလုပ်သမား တစ်ရာဦးခန့်သည် ဧပြီ ၂၉ရက်နေ့မှ စ၍ စစ်ကိုင်းမြို့မှ နေပြည်တော်သို့ ခရီးမိုင်ရှည် လမ်းလျှောက်ချီတက်လာခြင်းဖြစ်သည်။

လက်ရှိတွင် အလုပ်သမားသပိတ်စစ်ကြောင်းသည် ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါ ညောင်လေးပင်ကျေးရွာနှင့် ၇မိုင်အကွာတွင်မူ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ဝင်များက အလုပ်သမားသပိတ်စစ်ကြောင်းအား ပိတ်ပင်ရန် လုံခြုံရေးကားများနှင့် သံဆူးကြိုးများဖြင့် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

"သူတို့ ဒီရောက်တာနဲ့ အခြေအနေကို ရှင်းပြမယ်။ အတတ်နိုင်ဆုံး ညင်ညင်သာသာ လုပ်မယ်" ဟု ဦးအေးသောင်းက ဆိုသည်။

သပိတ်စစ်ကြောင်းရပ်ရန် ညှိနှိုင်းမှု မပြေလည်ပါကလည်း အကြမ်းဖက် ဖြိုခွင်းမည်မဟုတ်ဘဲ "ဥပဒေနဲ့အညီ ပြန်လွတ်မယ်။ လွှတ်လို့မှ မရရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ အရေးယူမယ်" ဟု ဦးအေးသောင်းက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုန် MYANMAR VENNER PLAYWOOD တွင် ၀န်ထမ်းအင်းအား ၂၀၀ကျော်ရှိပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က အလုပ်သမားများနှင် အလုပ်ရှင် တို့က ကန်ထရိုက်စာချုပ်တွင် ရှားပါးစရိတ်၊ ထောက်ပံကြေး၊ ရက်မှန်မကြေး၊ ကျွမ်းကျင်ကြေးများ သတ်မှတ်ချက်ဖြင့် သုံးပွင့်ဆိုင်စာချုပ်ချုပ်ဆိုခဲ့သည့်အပေါ် အလုပ်ရှင်က သက်မှတ်ကာလတွင်း မပေးခဲ့သည့် အတွက် အလုပ်သမားများ ဆန္ဒ ထုတ်ဖော်မှုများ စတင်ခဲ့သည်။

သတ်မှတ်ကာလအတွင်း အလုပ်ရှင်ဘက်က စာချုပ်ပါအချက်များကို ချိုးဖောက်၍ အလုပ်သမား ၁၆၁ ဦးကို ၂၀၁၆ ဖေဖေါ်ဝါရီ ၂၉တွင် အလုပ်ထုတ်ကြောင်း စက်ရုံရှေ့တွင် အလုပ်ထုတ်စာရင်းကိုကပ်၍ ကြေညာခဲ့သည်။

အလုပ်သမားများသည် အလုပ်ထုတ်ခံရသည့်နေ့မှစ၍ စက်ရုံရှေ့တွင် သုံးလအကြာ ထိုင်သပိတ်လုပ်၍ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း လာရောက်ဖြေရှင်းပေးမှု မရှိခဲ့သောကြောင့် နေပြည်တော်သို့ ချီတက်လာခြင်းလည်း ဖြစ်သည်။

"ကျွန်တော်တို့ တောင်းဆိုထားတဲ့အချက်တွေနဲ့ လွဲနေလို့ ဆက်လက်ချီတက်နေတာဖြစ်ပါတယ်" ဟု ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် ကိုသိန်းဦးက ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်မှာ အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများအားလုံး ပတ္တမြား စက်မှုဇုန်တွင် အလုပ်ကိုင်ပြန်လည်ရရှိရေးပင် ဖြစ်သည်။

No comments: