Wednesday, May 18, 2016

မီးဘေးသင့် မင်္ဂလာဈေးကို အသစ်ပြန်ဆောက်မလား၊ မွမ်းမံမလား

ခေါင်နော်၊ နှင်းအဉ္ဇလီ

မီးဘေးသင့်ခဲ့သည့် ရန်ကုန် မင်္ဂလာဈေးကို အသစ်ပြန်ဆောက်ရန် နှင့် အကြီးစားပြင်ဆင်မွန်းမံရန် အဖွဲ့နှစ်ခုကွဲနေသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ အသစ်ပြန်တည်ဆောက်ရန် မဲသာခဲ့သည်။ မေလ ၁၆ရက်က မင်္ဂလာဈေး ဈေးသူဈေးသားများက ရွှေမင်္ဂလာဈေး ပထမထပ်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးမှုတွင် အသစ်ပြန်တည်ဆောက်ရန် ၁၇၅၀မဲ နှင့် မွမ်းမံပြင်ဆင်ရန် ၁၃၃၀မဲ ရရှိခဲ့သည်ဟု ဈေးများဌာန လက်ထောက်ဌာနမှူး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

"ယခုရရှိသော မဲဆန္ဒကို မှတ်တမ်းတင်ပြီး ကျွန်တော်တို့ရဲ့ ဌာနတွေ အကြီးအကဲတွေကို ပို့ပြီး ဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ အတိုင်ပင်ခံအင်ဂျင်နီယာတွေနဲ့ အလားတူ မီးသတ်ဦးစီး ကျန်းမာရေးဌာနတွေနဲ့ အကြံအဥာဏ်တွေကိုယူပြီး ဈေးကို အကောင်းဆုံး အမြန်ဆုံးဆောက်ဖို့ရာအတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

အသစ်ပြန်လည်တည်ဆောက်မှု စတင်ရန် အချိန်အတိအကျကို မသိရသေးကြောင်းလည်း သူက ဆိုသည်။ ဈေးသူဈေးသားအများစုက အသစ်ပြန်ဆောက်ရန် မျှော်လင့်နေကြသည်။ မဲခွဲဆုံးဖြတ်သည့်နေ့တွင် တတိယထပ်ဆိုင်ရှင် မြင့်မြင့်ချိုက "အသစ်ဆောက်တာလိုချင်တယ်။ ဒါမှရေရှည်မှာခိုင်ခန့်သွားမယ်။း ဈေးလုံခြုံမှု နဲ့ မီးဘေးကာကွယ်တာကို လိုချင်တယ်" ဟု မဇ္ဈိမကို ပြောသည်။

No comments: