Wednesday, May 11, 2016

တအာင်း နှင့် ရှမ်း တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၂၅၀၀ကျော် ထွက်ပြေးနေရ

ဖနိဒါ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ပြေးဒုက္ခသည် ၂၅၀၀ ခန့်ထိ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

ကျောက်မဲမြို့တွင် စစ်ပြေးဒုက္ခသည် ၁၀၃၀ ဦး၊ သီပေါမြို့တွင် ၅၀၀ ကျော်နှင့် မိုင်းဝီးတွင် ၉၀၀ ကျော် စုစုပေါင်း စစ်ပြေး ဒုက္ခသည် ၂၅၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း စစ်ပြေးဒုက္ခသည်များအား အကူအညီပေးနေသူများက ပြောသည်။

“အခုလောလောဆယ်ထိ စစ်ရှောင် ၁၀၃၀ လောက်ရှိတယ်ဗျာ။ ဘုန်းကြီးကျောင်းတွေမှာပဲ နေနေကြတယ်။ အခက်အခဲ တစ်စုံတစ်ရာ ဘာမှ မရှိပါဘူဗျ”ဟု ကျောက်မဲမြို့မှ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မဇ္ဈိမကို ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့နှင့် မိုင်းလုံမြို့နယ်ကြားရှိ ဟူးဆွန်ကျေးရွာအုပ်စုနှင့် ဟူးကွက်ကျေးရွာအုပ်စုတို့မှ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ထွက်ပြေးတိမ်းရှောင်လာခြင်း ဖြစ်သည်။

သီပေါမြို့နယ် အုမုကျေးရွာအုပ်စု ပန်ခါးကျေးရွာမှ အိမ်ထောင်စု ၈၄ မှ လူဦးရေ ၃၄၄ ဦးသည် ရတနာရွှေဂူ ဘုန်းကြီး ကျောင်းတွင် ခိုလှုံနေပြီး သီပေါမြို့ရှိ မန်လွိုယ်(အောက်ရွာ)ကျေးရွာမှ အိမ်ထောင်စု ၅၉ စုမှ လူ ၂၂၅ ဦး တို့သည် ဘောကျို ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကာ စုစုပေါင်း ၅၆၉ ဦး ထွက်ပြေးတိမ်းရှောင်လာသည်ဟု စစ်ပြေးဒုက္ခသည်များအား ကူညီနေသော ဇာတ်စုအကူအညီပေးရေးအဖွဲ့မှ ကိုမျိုးက ပြောသည်။

“သူတို့ စားရေးသောက်ရေးက ပရဟိတ လူမှုကူညီရေးအဖွဲ့အစည်းတွေ အားလုံး ဝိုင်းဝန်းပြီး ကူညီပေးနေပါတယ်။ သူတို့ စားဝတ်နေရေးကတော့ ဆန်၊ ဆီ၊ ဆားတော့ လောလောဆယ်ပြည့်စုံနေတယ်။ ၂ ပတ်စာလောက်ပဲရှိတယ်။ ရက်ရှည်ဆိုရင်တော့ မပြည့်စုံလောက်ဘူး”ဟု ကိုမျိုးက မဇ္ဈိမကို ပြောသည်။

မိုင်းဝီးရှိ စစ်ပြေး ဒုက္ခသည်များသည် မိုင်းဝီး ဘုန်းကြီးကျောင်းနှင့် တအာင်းစာပေယဉ်ကျေးမှုရုံးတို့တွင် ခိုလှုံနေပြီး အစားအသောက်နှင့် အဝတ်အထည်များ လိုအပ်နေတသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU) မိုင်းမျိုးအောင်က ပြောသည်။

“အခု ကျောက်မဲ၊ သီပေါ၊ မိုင်းဝီးတွေမှာ စစ်ပြေး ဒုက္ခသည်အသစ်ရောက်လာတာက ၂၅၀၀ ကျော်ရှိမယ်။ လတ်တလော သူတို့ စားဖို့နဲ့ အိပ်ဖို့အခင်းတွေ လိုအပ်နေတယ်။ ဒါက လတ်တလောပေါ့နော်။ ရေရှည်အတွက်က အများကြီး လိုအပ်နေတယ်”ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်ကာ RCSS နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ထောင်ချီထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပြီး ယခုတစ်ကြိမ် မေလ ၁ ရက်မှစတင်၍ တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်ပေါင်း (၁၀၁၃၂) ဦးအတွက် ရေရှည်လုပ်ကိုင် စားသောက်ရန်၊ မြေကွက်များ၊ စားနပ်ရိက္ခာများ၊ မိုးတွင်း ကာလတွင် အသုံးပြုရန် သွပ်မိုးမျး၊သောက်သုံးရေ၊ နေရာထိုင်ခင်းများနှင့် ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး အထောက်အပံ့ပေးရန် လာမည့် မေလ ၁၂ ရက်တွင် နိုင်ငံကျော် အဆိုတော်များနှင့် တအာင်း အနုပညာရှင် အသိုင်းအဝိုင်းများ စုပေါင်း၍ ရန်ကုန်မြို့ MCC Hall တွင် ရန်ပုံငွေ ရှာဖွေပွဲ ကျင်းပမည် ဖြစ်သည်။

No comments: